News

POST TYPE

FOREIGN AFFAIRS

အင်းလေးသို့ နိုင်ငံခြားသားခရီးသည်အဝင် ငါးသောင်းလျော့
18-Dec-2018

ရန်ကုန်၊ဒီဇင်ဘာ ၁၈

မြန်မာသို့ ခရီသွားဧည့်သည် ပိုမိုဝင်ရောက်ရန် အာရှနိုင်ငံအချို့ကို ဗီဇာဖြေလျှော့ခဲ့သော်လည်း ယခုနှစ် နိုဝင်ဘာလအထိ အင်းလေးသို့ ကမ္ဘာလှည့်ခရီးသည်အဝင် ငါးသောင်းကျော်ခန့်လျော့ကျခဲ့ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“ဒီနှစ်စပိုင်းကတည်းက ကျလာတာမို့ အခုပေါင်းလိုက်ရင် ငါးသောင်းကျော်လောက်အထိ ဖြစ်သွားတာပါ။ ဒီအတွက်လည်း ရှမ်းတောင်မှာ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ပွဲတွေ၊ လှုပ်ရှားမှုတွေကိုဌာနက လုပ်နေတာတွေရှိတယ်”ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အင်းလေးဒေသသို့ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိ ကမ္ဘာလှည့်ခရီးသည် တစ်သိန်းလေးသောင်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ် အဆိုပါကာလတူတွင် တစ်သိန်းကိုးသောင်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။

“အင်းလေးမှာက လာတဲ့ဧည့်သည်ထက် ဟိုတယ်တွေက အခန်းများနေတယ်။ တချို့ဟိုတယ်တွေဆို အခန်းမငှားရတာတွေ အများကြီးရှိတယ်”ဟု QUEEN INN မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်မိုးက ဆိုသည်။

မြန်မာနိုင်ငံသည် ဂျပန်၊ တရုတ်၊ ကိုရီးယားနိုင်ငံမှ ခရီးသွားများကို ဗီဇာဖြေလျော့မှုများရှိသဖြင့် ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပိုမို ဝင်ရောက်ရန် မျှော်မှန်းထားသော်လည်း လက်ရှိတွင် အင်းလေးဒေသသို့ဝင်ရောက်မှု နည်ပါးနေသေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်းပြည်တောင်ပိုင်း)ထံမှ သိရသည်။

“လက်ရှိ ဗီဇာဖြေလျော့တယ်ဆိုပေမယ့် အဲဒီနိုင်ငံတွေက အင်းလေးဖက်ကို မရောက်လာသေးဘူး။ မနှစ်က နည်းတယ်ဆိုတာထက် ဒီနှစ်ဧည့်သည်အဝင်နည်းတယ်”ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ်ဇုန်ဥက္ကဋ္ဌ ဦးမျိုးမင်းဇော်ကဆိုသည်။

အင်းလေးဒေသသို့ အမေရိကန်၊ ဂျာမန်၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ ထိုင်းစသည့်နိုင်ငံများက အဓိကဝင်ရောက်လျက်ရှိပြီး ယခုနှစ်အတွင်း နိုင်ငံအစုံမှဝင်ရောက်မှု လျော့ကျနေခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ စာရင်းများအရသိရသည်။

အင်းလေးဒေသသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုနည်းပါသော်လည်း ယခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၂ ဒသမ ၅သန်းကျော် ဝင်ရောက်ထားပြီး ယခင်နှစ်ကာလတူထက် (ဝ ဒဿမ ဝ၀၃ )ရာခိုင်နှုန်းပိုမို များပြားခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

အင်းလေးဒေသသို့ ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဦးရေ တစ်သိန်းခုနှစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး၂၀၁၇ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဦးရေ နှစ်သိန်နှစ်သောင်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန (ရှမ်းပြည်တောင်ပိုင်းဌာနခွဲ)၏ စာရင်းများအရ သိရသည်။

J-14