News

POST TYPE

FOREIGN AFFAIRS

တိုင်းရင်းဆေးကောင်စီဥပဒေပါ ပုဒ်မ ၁၅ (စ) ပယ်ဖျက်ပေးရန် သမ္မတထံတောင်းဆို
18-Dec-2018

မန္တလေး၊ ဒီဇင်ဘာ ၁၈

ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်မှုအရ အတည်ဖြစ်ခဲ့သည့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေပါ ပုဒ်မ ၁၅ (စ)ကို နိုင်ငံတော်သမ္မတက ပယ်ဖျက်ပေးရန် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအပါဝင် တိုင်းရင်းဆေးသမားတော်အချို့က ဒီဇင်ဘာလ ၁၈ ရက်တွင် မန္တလေးမြို့ တိုင်းရင်းဆေးတက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းဆိုခဲ့သည်။

“ဥပဒေပြုတာက လွှတ်တော်အလုပ်ဖြစ်တယ်။ ဒီဥပဒေကို ကျွန်တော်တို့အဆင့်ဆင့် ကန့်ကွက်ခဲ့တယ်။ ဒီဥပဒေကို ထောက်ခံပေးလိုက်တဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကရော သူရဲ့ကောင်းကျိုးဆိုးပြစ်တွေကို တကယ်သိပြီးတော့ ထောက်ခံခဲ့တာလားဆိုတာ သံသယရှိပါတယ်။ နိုင်ငံတော်သမ္မတကရော ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာ စိတ်ဝင်စားတယ်။ နိုင်ငံတော်သမ္မတကို အားကိုးပါတယ်။ သမ္မတက ဥပဒေပညာရှင်ဖြစ်တဲ့အတွက် ဒီဥပဒေက ပြုသင့်၊ မပြုသင့်ဆိုတာ သမ္မတကြီး ဆုံးဖြတ်ပါလိမ့်မယ်”ဟု မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဦးဝင်းကိုက ဆိုသည်။

အများပြည်သူကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်သည့်ပုဒ်မတစ်ခုအပေါ်တွင် သမ္မတ၏သဘောထားမှတ်ချက်ကို မျှော်လင့်နေကြောင်း မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင်အချို့က ပြောကြားသည်။

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေပါ ပုဒ်မ ၂ ခုကိုပယ်ဖျက်ပေးရန် မြန်မာတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာဦးစီးဌာနများက ကန့်ကွက်ခဲ့ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အငြင်းပွာမှုများ ရှိနေသဖြင့် ဒီဇင်ဘာလ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏သဘောတူညီချက်အရ အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ရန် ကျန်ရှိနေခြင်းဖြစ်သည်။

“တိုင်းရင်းဆေးပညာမှာ တက္ကသိုလ်ကြီးထူထောင်ပြီးတော့ အရည်အသွေးပြည့်ဝတဲ့ အနာဂါတ် လူငယ်တွေ မွေးထုတ်ဖို့ စနစ်တကျပြင်ဆင်နေတဲ့အချိန်မှာ အပြင်မှာလျှောက်ပြီးတော့ ရမ်းကုကုနေတဲ့သူတွေကို တိုင်းရင်းဆေးမျိုးဆက်ဆိုပြီး တစ်မယ်၊ နှစ်မယ်ကောင်းကုနေတဲ့သူတွေကို တက္ကသိုလ်က ဆင်းတဲ့သူတွေနဲ့ရောပြီး (တဆ) လက်မှတ်ပေးလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂါတ် ပြည်သူကျန်းမာရေးစောင့်ရှောက်မှုတွေကို မေးခွန်းထုတ်စရာဖြစ်လာပြီ။ စိုးရိမ်စရာတွေဖြစ်လာပြီ”ဟု မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေပါ ပုဒ်မ ၁၅ (စ) ကိုပယ်ဖျက်ပေးရန် တိုင်းရင်းဆေးဆရာ၊ ဆရာမ ၁၅၀၀ ဦးခန့် စုပေါင်းလက်မှတ်များဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျန်မာရေးဝန်ကြီးဌာနသို ဒီဇင်ဘာလ ၁၂ ရက်က တင်ပြထားသည်။

M-05