News

POST TYPE

FOREIGN AFFAIRS

ခါရှော့ဂီ လုပ်ကြံခံရမှုအတွက် နိဂုံးချုပ်ဆုံးဖြတ်ချက် မချရသေးဟု အမေရိကန်ပြောကြား
19-Nov-2018
ဝါရှင်တန်၊ နိုဝင်ဘာ ၁၈

ဆော်ဒီသတင်းစာဆရာ ခါရှော့ဂီ အသတ်ခံရသည့်အရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုအနေနှင့် နိဂုံးချုပ် အဆုံးအဖြတ် မပြုလုပ်ရသေးဟု အစိုးရအရာရှိများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ခါရှော့ဂီလုပ်ကြံသတ်ဖြတ်ခံရမှုကို ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားက အမိန့်ပေး ညွှန်ကြားခြင်းဖြစ်သည်ဟု ယုံကြည်ထားကြောင်း အမေရိကန်ထောက်လှမ်းရေး စီအိုင်အေ၏ ထုတ်ဖော်ပြောကြားမှုရှိသော်လည်း အမေရိကန်ပြည်ထောင်စုအနေနှင့် ယင်းကိစ္စအတွက် နိဂုံးချုပ်အဆုံးအဖြတ် မပြုလုပ်ရသေးကြောင်း ၎င်းတို့ကဆိုသည်။

“အဖြေရှာမရသော မေးခွန်းမြောက်မြားစွာ ကျန်ရှိနေပါသေးသည်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကဆိုသည်။

ဆော်ဒီအိမ်ရှေ့မင်းသားမိုဟာမက် ဘင်ဆယ်လ်မန်၏ ခွင့်ပြုချက်မပါဝင်ဘဲ ခါရှော့ဂီလုပ်ကြံမှုကြီး ပေါ်ပေါက်နိုင်လိမ့်မည်မဟုတ်ဟု သတင်းရင်းမြစ်များက အမေရိကန်မီဒီယာများကို ပြောကြားသည်။

ဆော်ဒီအာရေဗျနိုင်ငံကမူ အဆိုပါကိစ္စတွင် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်သည် ပါဝင်ပတ်သက်ခြင်းမရှိသလို ယင်းကိစ္စကို သိရှိထားခြင်းလည်းမရှိကြောင်း ကြေညာထားသည်။

ဆော်ဒီအာရေဗျအစိုးရကို ဝေဖန် ရေးသားလေ့ရှိသည့် သတင်းစာဆရာ ခါရှော့ဂီသည် အောက်တိုဘာလ ၂ ရက်နေ့က တူရကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးထဲသို့ လက်ထပ်ထိမ်းမြားမှုဆိုင်ရာစာချုပ် ရယူရန် သွားရောက်စဉ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဆော်ဒီအာရေဗျနိုင်ငံက ခါရှော့ဂီသည် လူမိုက်များ အုပ်စုဖွဲ့ရန်ဖြစ်ခြင်းကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု ဆိုထားသည်။ အစိုးရအာဏာပိုင်များက ခါရှော့ဂီ သေဆုံးမှုနှင့်ပတ်သက်၍ လူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ငါးဦးကို သေဒဏ်ချမှတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မည်သို့ပင်ဆိုစေ ဆော်ဒီအာရေဗျ အစိုးရမှာ ခါရှော့ဂီအမှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသည့်ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။

စီအိုင်အေအဖွဲ့၏ အကဲဖြတ်ချက်တစ်ရပ်က အိမ်ရှေ့မင်းသား၏အစ်ကိုဖြစ်သူ မင်းသား ခါလစ်ဘင်ဆယ်လ်မန် (ဆော်ဒီအာရေဗျ၏ အမေရိကန်ဆိုင်ရာ သံအမတ်ကြီး)၏ တယ်လီဖုန်းပြောဆိုမှုကို အခြေခံထားခြင်းဖြစ်သည်။ 

မင်းသား ခါလစ်ဘင်ဆယ်လ်မန်က ခါရှော့ဂီကို တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုပြီး တူရကီရှိဆော်ဒီကောင်စစ်ဝန်ရုံးသို့သွားပါက အန္တရာယ်ကင်းမည်ဖြစ်သည်ဟု အာမခံပြောဆိုခဲ့ကြောင်း တယ်လီဖုန်း ပြောဆိုမှုများအရ သိရသည်။

F-01