News

POST TYPE

FOREIGN AFFAIRS

Great Well စက်ရုံမှအလုပ်သမား ၇၄ ဦးကို နစ်နာကြေးပေးရန် စက်ရုံပိုင်ရှင်သဘောတူ
15-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၄

လှိုင်သာယာမြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Great Well ဖိနပ်စက်ရုံမှ အလုပ်မှရပ်စဲခဲ့သည့် အလုပ်သမား ၇၄ ဦးကို လုပ်ခလစာ အပါအဝင် လုပ်သက်နစ်နာကြေးပေးရန် စက်ရုံပိုင်ရှင်က သဘောတူခဲ့ကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုဇော်မင်းသိန်းက ပြောကြားသည်။

“နစ်နာကြေးပေးပြီး အလုပ်ထုတ်လိုက်တယ်။ ဆုံးဖြတ်တာ သဘောတူတယ်။ ကျွန်တော်တို့ နစ်နာတာတွေအတွက် ဥပဒေအတိုင်း လျော်ကြေးရတာ ကျေနပ်ပါတယ်”ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းအစိုးရရုံး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ ဦးဆောင်၍ အလုပ်ရှင်နှင့် အလုပ်ထုတ်ခံရသည့် အလုပ်သမားများ နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည်။

သဘောတူစာချုပ်တွင် အလုပ်သမားခေါင်းဆောင် ကိုဇော်မင်းသိန်း အပါအဝင် အလုပ်သမား ၇၄ ဦး အလုပ်မှရပ်စဲခဲ့သည့်အတွက် လုပ်ခလစာ အပါအဝင် လုပ်သက်အလိုက် နစ်နာကြေး၊ လုပ်ခလစာ ကျန်ငွေတို့ကို နိုဝင်ဘာလ ၃၀ ရက်တွင် လုပ်ငန်းရှင်က အပြီးပေးရန်၊ ထိုသို့အလုပ်သမားများ လျော်ကြေးပေးအပ်ရာတွင် လှိုင်သာယာမြို့နယ်၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတွင် အလုပ်ရှင်မှလာရောက်ပေးအပ်ရန်၊ ထို့အပြင် ယင်းအမှုနှင့်ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဖက် မည်သည့်ဌာန၊ အဖွဲ့ အစည်းများကို ထပ်မံတိုင်ကြားခြင်း မပြုလုပ်တော့ရန် ဆိုသည့်အချက်များကို သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

“အလုပ်သမား ၈ လပိုင်း ၂၀ ရက်ထိ အလုပ်ဆင်းထားတာကို ရှင်းပေးတယ်။ လုပ်သက်နည်းသူတွေကို ၉ လပိုင်းအထိ တစ်လစာ ပိုပေးထားတယ်။ အလုပ်ကတော့ ပြန်မခန့်ဘူး၊ ဥပဒေနဲ့အညီ လျော်ကြေးပေးတယ်”ဟု Action Labour Right အဖွဲ့မှ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုရဲထွန်းတောက်က ပြောကြားသည်။

လုပ်ခလစာ မရရှိသည့် အလုပ်သမားများသည် လှိုင်သာယာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ၁၀ ကြိမ်၊ တိုင်းအဆင့် ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ၃ ကြိမ် ညှိနှိုင်းသော်လည်း ပြေလည်မှု မရခဲ့ပေ။

အဆိုပါစက်ရုံသည် ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၃၀၀ ကျော် လုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဇူလိုင်လက ဖိနပ်အောက်ခံထုတ်လုပ်သည့်ဌာနနှင့် ဖိနပ်အပြီးသတ်ထုတ်သည့်ဌာနမှ အလုပ်သမား ၂၂ ဦးကို အလုပ်မရှိသောကြောင့် လစာမပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဩဂုတ်လနှင့် စက်တင်ဘာလတွင် အဆိုပါ အလုပ်သမားများ အပါအဝင် အလုပ်သမား ၇၄ ဦး လစာမရခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

J-18