News

POST TYPE

FOREIGN AFFAIRS

အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ANP ပါတီ၊ ဘင်္ဂါလီလူမျိုးများနှင့် တွေ့ဆုံ
08-Nov-2018

စစ်တွေ၊ နိုဝင်ဘာ ၇

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Richard, Albright နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Alan Marciel တို့အဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်တွေသို့ရောက်ရှိလာခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ စစ်တွေမြို့ရှိ သက္ကေပြင် ဘင်္ဂါလီဒုက္ခသည်များသို့ သွားရောက်တွေ့ဆုံခဲ့သည်။

အဆိုပါ အဖွဲ့နှင့် ရခိုင်အမျိုးသားပါတီ၏ ခေါင်းဆောင်များနှင့်တွေ့ဆုံရာတွင် တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီလူမျိူးများကို ရခိုင်ပြည်နယ်လွှတ်တော်နှင့် ရခိုင်လူထုက မောင်တောမြို့နယ်တောင်ပိုင်းတွင် ပြန်လည်နေရာချထားမည်ကို မလိုလားကြောင်း၊ အချို့သောဒေသများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများမှာ စီးပွားရေး၊လူမှုရေး ကူးလူဆက်ဆံနေလျက်ရှိကြောင်း စသည်ဖြင့် ပြောဆိုခဲ့ကြောင်း ANP ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဆိုသည်။

“ဒီလိုအခြေချနေထိုင်မှုနဲ့ ပြန်လည်လက်ခံမယ့်ကိစ္စမှာ ရခိုင်နယ်မြေရဲ့ လုံခြုံရေးကို အမေရိကန်က ဘယ်လောက် တာဝန်ခံနိုင်မလဲ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်မလဲ ဒါမျိုးတွေမေးတော့ သူတို့ဘက်က နယ်မြေကိုပိုင်ဆိုင်မှု အနေအထားမျိုးမှာ ပါဝင်ပတ်သက်စရာ မရှိဘူး။ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့နိုင်ငံထဲမှာ ထိပ်ဆုံးကတော့ သူတို့နိုင်ငံပဲလို့ ပြောတယ်”ဟု ၎င်းကပြောသည်။

ရခိုင်တိုင်းရင်းသားအနေနှင့် မကြာခဏ အကြမ်းဖက်မှုခံနေရကြောင်း ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နောက်ကျနေပြီး အလုပ်အကိုင်ရှားပါ၍ ဒေသခံ တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာသွားနေရကြောင်း စသည်တို့ဖြင့် ရင်ဆိုင်နေရာသည့်အချိန်၌ ရခိုင်အရေးဟုဆိုကာ ဖိအားပေးနေခြင်းဖြင့် လုံခြုံအေးချမ်းမှုမရှိဘဲ မိအေးနှစ်ခါနာလိုဖြစ်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့ကြောင်း ဒေါ်အေးနုစိန်က ဆက်၍ရှင်းပြသည်။

အလားတူ သက္ကေပြင် ဘင်္ဂါလီ ဒုက္ခသည်စခန်း၌ စခန်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် စားဝတ်နေရေး၊ ပညာရေး ကျန်းမာရေးစသည့် အခက်အခဲများအား မေးမြန်းကြောင်း ယင်းစခန်းမှ ခေါင်းဆောင်ရွှေမောင်က ပြောသည်။

“ကျွန်တော်တို့ ပညာရေး၊ ကျန်းမာရေး အခက်အခဲ တင်ပြတော့ သူတို့က နောက်နောင် တစ်ဖြည်းဖြည်းကောင်း လာလိမ့်မယ်။ သူတို့လည်း အစိုးရကို တင်ပြပေးမယ်လို့ပြောတယ်”ဟု ဦးရွှေမောင်ကပြောသည်။

အဆိုပါအဖွဲ့သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရွာမ (ရခိုင်) ကျေးရွာ၊ ရွာမ (ဘင်္ဂါလီ) ကျေးရွာများသို့ သွားရောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

R-22