News

POST TYPE

FOREIGN AFFAIRS

ဘရိတ်ဇစ်စည်းကမ်းချက်များနှင့် ပတ်သက်၍ မဲခွဲရန် လန်ဒန်တွင်ဆန္ဒပြ
22-Oct-2018


လန်ဒန်၊ အောက်တိုဘာ ၂၁

ဘရိတ်ဇစ် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆန္ဒခံယူပွဲဖြင့် မဲခွဲဆုံးဖြတ်ရေးကိုတောင်းဆိုရန် လန်ဒန်တွင် စနေနေ့က လူပေါင်း ၇၀၀,ဝ၀၀ ခန့် ဆန္ဒပြခဲ့ကြသည်ဟု စီစဉ်သူများကပြောကြားလိုက် ကြောင်း DW သတင်းတွင် ဖော်ပြသည်။

စနေနေ့က ဆန္ဒပြပွဲသည် ၂၀၀၃ ခုနှစ်က အီရတ်စစ်ပွဲဆန့်ကျင်ရေး ဆန္ဒပြပွဲနောက်ပိုင်း လန်ဒန်တွင် အကြီးမားဆုံး ချီတက်ပွဲဖြစ်သည်။ 

အီးယူမှ ယူကေနုတ်ထွက်မှုသည် ၂၀၁၆ ပထမအကြိမ် ဘရိတ်ဇစ်ဆန္ဒခံယူပွဲ မတိုင်မီ ထုတ်ပြန်ခဲ့သောအချက်အလက်များနှင့် လုံးဝမတူညီခြင်းအပေါ် စိုးရိမ်ကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

၂၀၁၆ ဆန္ဒခံယူပွဲသည် မဲပေးခွင့်ရှိသူ ၄၆ ဒသမ ၅ သန်း၏ ၇၀ ရာခိုင်နှုန်းသာ ပါဝင်မဲပေးခဲ့ပြီး မဲပေးသူများ၏ ၅၂ ရာခိုင်နှုန်းကသာ ခွဲရေးကို ထောက်ခံခဲ့ခြင်းဖြစ်သည်။ 

ခွဲရေးက မဲအနည်းငယ် အသာရခဲ့သော ၂၀၁၆ ဆန္ဒခံယူပွဲသည် ခွဲရေး၊ တွဲရေးကိုသာ မဲခွဲခဲ့ခြင်းဖြစ်ပြီး ခွဲထွက်မှုစည်းကမ်းချက်များကို မဲခွဲခဲ့ခြင်းမဟုတ်ဟု ဆန္ဒပြသူများက စောဒကတက်ကြသည်။ လူအများစုသည် အီးယူအဖွဲ့ဝင်ဖြစ်ပြီး နှစ် ၄၀ အကြာ ခွဲထွက်မှုတွင် တကယ့်အကြောင်းရင်းများကိုသိရှိပါက သဘောထားတစ်မျိုးပြောင်း၍ မဲပေးကြလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။

ချီတက်ပွဲတွင် ပါဝင်ခဲ့သူလန်ဒန် မြို့တော်ဝန် ဆာဒစ်ခန်းက “ဒါက ကျွန်တော်တို့ ဒီမိုကရေစီရဲ့ သမိုင်းဝင် အခိုက်အတန့်ပါပဲ”ဟု ပြောကြားသည်။

ဝန်ကြီးချုပ် ထရီဇာမေ၏ ကွန်ဆာဗေးတစ်အစိုးရအတွင်း သဘောကွဲလွဲမှုများကြောင့် နုတ်ထွက်မှုဆိုင်ရာ သဘောတူစာချုပ် မပါတော့ဘဲ အီးယူမှနုတ်ထွက်ပါက ယူကေ ကြေမွသွားနိုင်သည်ဟု စိုးရိမ်မှုများရှိနေသည်။ သဘောတူညီမှုမရသော ဘရိတ်ဇစ်သည် နယ်စပ်များနှင့် စီးပွားရေးကဏ္ဍများတွင် ပရမ်းပတာဖြစ်စဉ်များ ဖြစ်ပေါ်စေနိုင်သည်။

သို့ရာတွင် ဝန်ကြီးချုပ်မေက ဒုတိယအကြိမ် မဲခွဲရေးကိုအကြိမ်ကြိမ်ပယ်ချထားပြီး အီးယူနှင့် စာချုပ်ညှိနှိုင်းမှုအပေါ်များစွာ မျှော်လင့်ချက်ထားနေသည်။ စည်းကမ်းချက်များကို ပါလီမန်က အတည်ပြုဖွယ် ရှိနေသော်လည်း ဆန္ဒပြသူများကမူ ပြည်သူများတွင် နောက်ဆုံး ဆုံးဖြတ်ခွင့်ရှိသင့်သည်ဟု ယူဆကြသည်။

“အမတ်များသည် တိုင်းပြည်ကို နွမ်းပါးသွားအောင်၊ အရေးကြီးသောလူထုဝန်ဆောင်မှုလုပ်ငန်းများကို ချွတ်ခြုံကျသွားအောင်၊ လူငယ်တို့၏ အခွင့်အလမ်းများ ကိုပျက်စီးအောင်လုပ်မလား။ ဘရိတ်ဇစ် ညှိနှိုင်းမှုအတွက် ပြည်သူများအားမဲခွဲဆုံး ဖြတ်ခွင့်ပေးမလားဆိုသည်ကို ဆုံးဖြတ်ကြရမည်”ဟု People Votes UK က ၎င်းတို့ဝက်ဘ်ဆိုက်တွင် တင်ထားသည်။

သဘောထားစစ်တမ်းများက ဒုတိယအကြိမ် မဲခွဲရေးကို ထောက်ခံမှုများလာသည်ဟု ဖော်ပြနေကြသော်လည်း ၂၀၁၆ ဆန္ဒခံယူပွဲတွင် တွဲရေးက နိုင်မည်ဟု စစ်တမ်းများက ခန့်မှန်းခဲ့ရာ မှားယွင်းခဲ့သည်။

ဘရိတ်ဇစ် နောက်တစ်ကြိမ် မဲခွဲရေးကို အကြိမ်ကြိမ် ပယ်ချထားသူဝန်ကြီးချုပ်မေက “သူတို့က ကျွန်တော်တို့ မှားသွားပြီထင်တယ်၊ ဝမ်းနည်းပါတယ်လို့ ပြောဖို့အတွက် နောက်တစ်ကြိမ် ဆန္ဒခံယူပွဲကို လုပ်ချင်နေကြတယ်။ ဒုတိယအကြိမ် ဆန္ဒခံယူပွဲဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ပြည်သူတွေက မဲပေးပြီးသားပါ။ အဲဒါကိုပဲဒီအစိုးရက အကောင်အထည်ဖော်ပေးမှာ ဖြစ်ပါတယ်”ဟု ဗုဒ္ဓဟူးနေ့က ပါလီမန်တွင် ပြောကြားခဲ့သည်။  

F-04


  • VIA