News

POST TYPE

FOREIGN AFFAIRS

တရုတ်တွင် အမျိုးသားတစ်ဦး အသက်အာမခံထုတ်လို၍ သေချင်ယောင်ဆောင်၊ အမှန်ထင်မှတ်ကာ ဇနီးနှင့် ကလေးငယ်နှစ်ဦး အဆုံးစီရင်
19-Oct-2018



ဘေဂျင်း၊ အောက်တိုဘာ ၁၈ 

တရုတ်နိုင်ငံတွင် အသက်အာမခံကြေး ရယူလို၍ မိမိသေဆုံးသွားပြီဟု လိမ်ညာသတင်းထုတ်ပြန်ခဲ့သူ အမျိုးသားတစ်ဦးမှာ ဇနီးဖြစ်သူက အမှန်တကယ်ထင်မှတ်၍ ကလေးနှစ်ဦးနှင့်အတူ အဆုံးစီရင်သွားမှုနှင့် ကြုံတွေ့လိုက်ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ဟူနန်ပြည်နယ် ဇင်ဟွာကောင်တီတွင် နေထိုင်သူဟီဟု အမည်ရသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အသက်အာမခံရယူလိုသောကြောင့် ၎င်း၏ မော်တော်ကားကို မြစ်တစ်ခုထဲသို့ ထိုးချခဲ့ပြီး သေဆုံးသွားပြီဟုသတင်းလွှင့်ခဲ့သည်။ သူ၏ ရုပ်အလောင်းကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ 

ထိုသို့ အသက်အာမခံထုတ်ရန် လိမ်ညာအကွက်ချ စီစဉ်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူကိုအသိပေး ပြောဆိုခဲ့ခြင်းလည်းမရှိပေ။ သို့အတွက်ကြောင့် ဇနီးဖြစ်သူမှာ ဟီသေဆုံးသွားပြီဟုသာ အမှန်တကယ်ထင်မှတ်နေခဲ့သည်။

သီတင်းပတ်သုံးပတ်ခန့်အကြာတွင် ဇနီးဖြစ်သူမှာ ကလေးငယ်နှစ်ဦးနှင့်အတူ ရေကန်တစ်ခုထဲသို့ ခုန်ဆင်းကာ အဆုံးစီရင်သွားခဲ့သည်။ ထိုဖြစ်ရပ်ကိုသိရှိလိုက်ရပြီးနောက် ဟီသည် ရဲစခန်းသို့လာရောက် အဖမ်းခံခဲ့သည်။ 

ရဲတပ်ဖွဲ့က ဟီအား အာမခံလိမ်ညာမှု၊ ပိုင်ဆိုင်သည့်ပစ္စည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးမှု စသည့်ပြစ်မှုများဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း ဇင်ဟွာရဲဌာနက သတင်းထုတ်ပြန်သည်။ 

ဟီသည် ပြီးခဲ့သည့် စက်တင်ဘာလက ယွမ်ငွေတစ်သန်း (ဒေါ်လာ ၁၄၅၀၀၀) တန်ဖိုးရှိသည့် အာမခံတစ်ခုကို ဇနီးဖြစ်သူအား အသိမပေးဘဲ ဝယ်ယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ 

Voice of China ရေဒီယိုထုတ်လွှင့်ချက်အရ ယင်းအာမခံ၏ အကျိုးခံစားခွင့်ရှိသူ အမည်နေရာတွင် ဟီက သူ၏ ဇနီးဖြစ်သူ၏ နာမည်အား ထားရှိခဲ့သည်။ 

ဟီသည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မော်တော်ကားတစ်စီးကို ငှားရမ်းကာ မော်တော်ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားသည့်ပုံစံမျိုးဖြစ်အောင် အကွက်ချဖန်တီးခဲ့သည်ဟု ရဲက ဆိုသည်။ ၎င်းသည် အကြွေးယွမ် တစ်သိန်းခန့်တင်ရှိနေခဲ့သည်ဟုလည်း ဆိုသည်။ 

အောက်တိုဘာလ ၃၁ ရက်နေ့တွင်မူ ဟီ၏ အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူနှင့် အတူကလေးငယ်နှစ်ဦး (လေးနှစ်အရွယ်သားငယ်နှင့် သုံးနှစ်အရွယ်သမီးငယ်) တို့၏ ရုပ်အလောင်းကို ၎င်းတို့အိမ်အနီးရှိ ရေကန်တစ်ခုတွင် တွေ့ရှိခဲ့သည်ဟု Voice of China က ဆိုသည်။ 

F-01