News

POST TYPE

FOREIGN AFFAIRS

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သို့ သွားရောက်
18-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၇

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် ကချင်ပြည်နယ်သို့ အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ရောက်ရှိလာကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

ထို့ပြင် ၎င်းအနေနှင့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်လည်း အောက်တိုဘာလ ၁၇ ရက်က တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ တိုက်ပွဲများ၊ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသန်းလွင်က ပြောကြားသည်။

“ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးလုပ်နေတာတွေ ဆွေးနွေးကြတယ်။ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ သိချင်တာတွေမေးတာပေါ့”ဟု ၎င်းက ဆိုသည်။

ထို့ပြင် Ms. Christine Schraner Burgener သည် မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့လည်း သွားရောက်ခဲ့ကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။

၎င်း၏ ကချင်ပြည်နယ် ခရီးစဉ်သည် နှစ်ရက်တာကြာမြင့်မည်ဖြစ်ပြီး မြစ်ကြီးနားအပြင် ဝိုင်းမော်ရှိ ဒုက္ခသည်စခန်းများသို့လည်း သွားရောက်မည်ဖြစ်ကာ ကချင်ပြည်နယ်အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်လည်း တွေ့ဆုံရန်ရှိနေသည်။

အလားတူ ကချင်ပြည်နယ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) မှ ခေါင်းဆောင်များနှင့်လည်း အောက်တိုဘာလ ၁၇ ရက် ညပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်ကလည်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပိတ်သိမ်းခဲ့သည့် ဒုက္ခသည်စခန်းများ၊ ဘူးသီးတောင်မောင်တော ဒေသများသို့လည်း သွားရောက်ခဲ့သည်။

ထို့ပြင် Ms. Christine Schraner Burgener သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့်လည်း အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်က တွေ့ဆုံခဲ့သည်။