News

POST TYPE

FOREIGN AFFAIRS

နိုင်ငံရေးတိုက်ပွဲများရှိသော်လည်း သမ္မတလုပ်ရသည်မှာ အဆင်ပြေကြောင်း ထရမ့်ပြော
17-Oct-2018



ဝါရှင်တန်၊ အောက်တိုဘာ ၁၆

အာဏာရသက်တမ်း ၂ နှစ်ခန့်ရှိလာသည့် အမေရိကန်သမ္မတထရမ့်က လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ အခွန်ကိစ္စ၊ ဘရက်ကာဗာနော့ဗ်ကို အထက်ရုံးတရားသူကြီးအမည် တင်သွင်းသည့်ကိစ္စများတွင် နိုင်ငံရေး မုန်တိုင်းများထန်နေသော်လည်း အိမ်ဖြူတော်တွင် သမ္မတလုပ်နေရသည်မှာ အဆင်ပြေသည်ဟု တနင်္ဂနွေနေ့က ရုပ်သံအင်တာဗျူးတွင် ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ကျုပ်က အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတပဲလို့ ပြောရတာ နည်းနည်းတော့တစ်မျိုးပဲ။ ဒါပေမဲ့ ဒါက အမှန်ပဲဗျ။ မိတ်ဆွေတွေကတောင် ဒေါ်နယ်လို့မခေါ်ပဲ သမ္မတကြီးလို့ ခေါ်နေကြတယ်။ ကျေးဇူးပြုပြီး ပေါ့ပေါ့ပါးပါးလုပ်ကြပါလို့ ကျုပ်ကပြောယူရတယ်။ ကျုပ်က သင်ယူနေတာပါ။ အခုတော့ အမေရိကန်သမ္မတတစ်ယောက်လို တကယ်ပဲ ခံစားတတ်သွားပြီ”ဟု ထရမ့်က CBS အင်တာဗျူးသို့ ပြောကြားသည်။

ကိစ္စရပ်များစွာအပေါ် စကားနိုင်လုရခြင်းကို နှစ်သက်ကြောင်းပေါ်လွင်ခဲ့သည့် အင်တာဗျူးတွင် ထရမ့်ကထုံးတမ်းဓလေ့များကို သမ္မတတစ်ဦးအနေနှင့် ဂရုမစိုက်ဘဲ နေသည့်ပုံစံကို စွန့်လွှတ်ရန်ရည်ရွယ်ချက်မရှိကြောင်း ပြသခဲ့သည်။

အမေရိကသို့ တရားမဝင် ဝင်ရောက်လာသည့် ကလေးများကိုနယ်စပ်တွင် အုပ်ထိန်းသူမိဘများနှင့် ခွဲခြားထားသည့် အငြင်းပွားဖွယ်မူဝါဒကို ပြန်လည်ကျင့်သုံးရန် ရှိမရှိကို ထရမ့်က ပြောကြားခြင်းမပြုပေ။

“မိဘတွေနဲ့ အတူနေခွင့်ပြုဖို့က အိုကေပါ။ ဒါပေမဲ့ ဒါတွေကိုခွင့်ပြုပြီးရင် ဘာတွေဆက်ဖြစ်လာမလဲ။ ကျုပ်တို့တိုင်း ပြည်ထဲကို ဥပဒေနဲ့ မညီဘဲဝင်ရောက်နေထိုင်တဲ့ကိစ္စမှာ ဆိုးကျိုးသက်ရောက်မှုတွေရှိတယ်”ဟု ထရမ့်က ပြောကြားသည်။ 

အမေရိကသို့ တရားမဝင်ဝင်ရောက်လာသော မိသားစုများအား အာဏာပိုင်များက နယ်စပ်တွင်ကလေးများနှင့် မိဘများကို ခွဲခြားထိန်းသိမ်းထားခဲ့ရာ ဝိုင်းဝန်းပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပြီး ဇွန်လတွင် မူဝါဒပြန်လည်မရုပ်သိမ်းမီအထိ ခွဲခြားခံထားရသောကလေး ၂၅၀၀ ခန့်ရှိခဲ့ရာ အများစုမှာ ဂွါတီမာလာ၊ ဟွန်ဒူရပ်စ်၊ အယ်လ်ဆာဗေဒို နိုင်ငံများမှဖြစ်သည်။

အထက်ရုံး တရားသူကြီးလောင်း ကာဗာနော့ဗ်အပေါ် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှု စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် မစ္စစပီလူထုစည်းဝေးပွဲတွင် ထရမ့်က စွပ်စွဲသူခရစ္စတင်းဘလက်ဆီဖို့ဒ်အား ပြက်ရယ်ပြုခဲ့သည်ဆိုသော ဝေဖန်မှုများနှင့် ပတ်သက်၍ ထရမ့်က “ပြောဖို့လိုအပ်ပါတယ်။ လှောင်တာမဟုတ်ပါဘူး။ ကျုပ်က ဒီမိန်းမဘာမှသိပုံမရဘူးလို့ပဲ ပြောခဲ့တာပါ။ သူက သာမန်မဟုတ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးဖို့ လုပ်နေတာပါ”ဟု ရှင်းလင်းပြောဆိုသည်။

၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ဟီလာရီကလင်တန်ကို အနိုင်ယူကာ သမ္မတဖြစ်လာသူ နယူးယောက် အိမ်ခြံမြေသူဌေးက ဝါရှင်တန်နိုင်ငံရေးလောကသည် စီးပွားရေးနယ်ပယ်ထက်ပင် ကြမ်းတမ်းခက်ခဲသည်ကို ကြုံတွေ့ခဲ့ရသည်ဟု မှတ်ချက်ပေးသည်။

“ဝါရှင်တန်ဒီစီဆိုတာ တကယ်ကို စုတ်ပြတ်တဲ့နေရာပဲ။ တိုက်ခိုက်မယ်၊ အပုပ်ချမယ်၊ ကွယ်ရာမှာ ကဲ့ရဲ့မယ်။ ဒါပေမဲ့ ကျုပ်ကတော့ အဆင်ပြေပါတယ်။ အရင်ကတော့ မင်ဟက်တန်အိမ်ခြံမြေလောကသားတွေက အမာဆုံးကောင်တွေ ရေစိမ်ခံတွေလို့ ကျုပ်ပြောလေ့ရှိတယ်။ အခုတော့ ဒီကောင်တွေက ကလေးပေါက်စတွေ ဖြစ်သွားပြီပေါ့” ဟု ထရမ့်က ပြောကြားသည်။

F-01