News

POST TYPE

FOREIGN AFFAIRS

ဘာလင်တွင် လက်ယာစွန်းနိုင်ငံရေးဆန့်ကျင်သည့် ဆန္ဒပြပွဲကြီးပြုလုပ်
15-Oct-2018


ဘာလင်၊ အောက်တိုဘာ ၁၄ 

ဂျာမနီနှင့် ဥရောပဒေသတစ်လွှား လူပြိန်းကြိုက် လက်ယာစွန်းအမျိုးသား နိုင်ငံရေး ခေါင်းထောင်လာမှုကို ဆန့်ကျင် သည့် ချီတက်ဆန္ဒပြပွဲကြီးတစ်ရပ်ကို မြို့တော်ဘာလင်တွင် ပြုလုပ်ခဲ့ရာလူ နှစ်သိန်း ကျော်ခန့် ပူးပေါင်းပါဝင်ခဲ့ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။

လက်ယာစွန်းနိုင်ငံရေးအယူအဆကို ရှုတ်ချသည့် ဆန္ဒပြအင်အားစုကြီးက တစ်သီးတခြားစီဖြစ်နေသော လူနည်းစုများနှင့် ပိုမိုစည်းလုံးညီညွတ်မှုရှိရန် တောင်းဆိုကြသည်။ 

စနေနေ့က ပြုလုပ်သောချီတက် ဆန္ဒပြပွဲတွင် လူပေါင်း ၂၄၀၀၀၀ ခန့်က လူမျိုးရေးနှင့် အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရန်နှင့် ဂျာမနီနိုင်ငံတွင်း လူပြိန်းကြိုက် လက်ယာစွန်းနိုင်ငံရေး တစ်စခန်းထလာမှုကို စည်းစည်းလုံးလုံးဖြင့် ဆန့်ကျင်ကြရန် နှိုးဆော်ခဲ့ကြသည်။ 

ဆန္ဒပြသူများသည် ဘာလင်မြို့လယ်ရှိ အလက်ဇန္ဒားပလက်ဇ်မှ နာမည်ကျော်ဘရန်ဘာ့ဂ်ဂိတ်တံခါးရှိရာသို့ ၃ မိုင်ခန့် ချီတက်လမ်းလျှောက်ခဲ့ကြရာ မြို့လယ်ရှိ ကားလမ်းအချို့ ပိတ်သွားသည်။ ၎င်းတို့က “အားလုံးတစ်သားတည်း” ဟူသည့် ခေါင်းစဉ်ဖြင့် အဆိုပါဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြလူအုပ်ကြီးနှင့်အတူ လော်စပီကာများ တပ်ဆင်ထားသော ထရပ်ကားများလည်းပါဝင်ခဲ့ပြီး အသားအရောင်ခွဲခြားမှုဆန့်ကျင်သည့် စည်းရုံးဟောပြောမှုများကို ဖွင့်လှစ်ခဲ့သည်။ ထို့အတူ ဂျာမန်သီချင်းမျိုးစုံကိုလည်း ဖွင့်ခဲ့ကြသည်။ 

ဂျာမန်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ဆန္ဒပြသူအရေအတွက် မည်ရွေ့မည်မျှရှိသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ယခုဆန္ဒပြပွဲကြီးကို အလုပ်သမားသမဂ္ဂများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအုပ်စုများက စုပေါင်းဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ 

ဆန္ဒပြသူများကိုင်ဆောင်ခဲ့သည့် ခေါင်းစီးစာတန်းကြီးများတွင် “တံခါးဖွင့်ပါ၊ တံတားများထိုးပါ၊ တံတိုင်းများမဆောက်ပါနှင့်” ဟု ရေးသားထားသည်ကိုတွေ့ရသလို “ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်းအတွက် ကျွနု်ပ်တို့အားလုံးတစ်သားတည်း” ဟူသည့် စာသားများကိုလည်းတွေ့ရသည်။ 

ဂျာမနီနိုင်ငံထဲသို့ အရှေ့အလယ်ပိုင်းဒေသရှိ စစ်မက်ဖြစ်ပွားနေသည့် ဇုန်များထဲမှ ဒုက္ခသည်တစ်သန်းကျော်ခန့် ဝင်ရောက်အခြေချနေထိုင်လာမှုများကြောင့် AfD ကဲ့သို့သော လက်ယာယိမ်းမျိုးချစ်ပါတီများ အင်အားကောင်းမွန်လာခဲ့သည်။ အစ္စလာမ်ယဉ်ကျေးမှုလွှမ်းမိုးခြင်းနှင့် အာရပ်ကမ္ဘာမှ ရွှေ့ပြောင်းအခြေချသူများဝင်ရောက်နေထိုင်ခြင်းကို ဆန့်ကျင်သော ဂျာမန်များက AfD ပါတီကိုထောက်ခဲ့ကြရာ ယခုဆိုလျှင် ယင်းပါတီသည် အဓိပတိမာကယ်လ်၏ ညွန်ပေါင်းပါတီပြီးလျှင် ဒုတိယအင်အားအကြီးဆုံးအဆင့်သို့ ရောက်ရှိလာသည်။ 

ပြီးခဲ့သည့် ဩဂုတ်လအတွင်း အရှေ့ပိုင်း ချမ်းမနက်ဇ်မြို့တွင် အရှေ့အလယ်ပိုင်းမှ ပြောင်းရွှေ့လာသူနှစ်ဦးက ဂျာမန်လူမျိုးတစ်ဦးကို ဓားထိုးသတ်ခဲ့ရာ ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူအခြားသော ဒရစ်ဆန်၊ ကိုတန်စသည့်မြို့များတွင်လည်း လက်ယာစွန်းအင်အားစုများ ချီတက်ဆန္ဒပြမှုဖြစ်ပေါ်ခဲ့သည်။ 

ဂျာမန်အဓိပတိမာကယ်လ်ကမူ AfD ပါတီသည် လူမှုမတည်မငြိမ်ဖြစ်စေရန် ဆူပူအကြမ်းဖက်သည့် ဆန္ဒပြပွဲများဖန်တီးခဲ့ကြောင်း စွပ်စွဲပြောကြားခဲ့သည်။

F-01