News

POST TYPE

FOREIGN AFFAIRS

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီနုတ်ထွက်
11-Oct-2018


ဝါရှင်တန်၊ အောက်တိုဘာ ၁၀

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးနစ်ကီဟေလီသည် အဆိုပါရာထူးနေရာတွင် ၂ နှစ်နီးပါးလုပ်ကိုင်ခဲ့ပြီးနောက် အင်္ဂါနေ့က နုတ်ထွက်ကြောင်း ကြေညာလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းသို့ မစ္စဟာလေနှင့်အတူ ရောက်ရှိလာသောသမ္မတ ထရမ့်က သူမသည် အံ့အားသင့်ဖွယ်အလုပ်ကို ဆောင်ရွက်ခဲ့သည်ဟု ပြောကြားသည်။

သမ္မတထရမ့်က သီတင်းနှစ်ပတ်မှ သုံးပတ်အတွင်း သူမ၏နေရာကိုအစားထိုးရန် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်းနှင့် ၎င်း၏အမျိုးသားလုံခြုံရေးကောင်စီ လက်ထောက်အကြံပေးဟောင်း ဒိုင်နာပါဝဲလ်ကို ခန့်အပ်ရန် စဉ်းစားနေကြောင်း ပြောကြားသည်။

ထရမ့်က ၎င်း၏သမီးအိုင်ဗန်ကာသည် သံအမတ်တစ်ဦးအဖြစ် စွမ်းရည်ရှိသူတစ်ဦးဖြစ်နိုင်သော်လည်း သူမကိုရွေးချယ်လိုက်ပါက ဆွေမျိုးကောင်းစားရေးဝါဒကို ကျင့်သုံးနေသည်ဟု စွပ်စွဲခံရလိမ့်မည်ဟု ပြောဆိုခဲ့သည်။

နာရီပိုင်းအကြာတွင် အိုင်ဗန်ကာကလည်း သံအမတ်ရွေးချယ်မှု အမည်စာရင်းတွင် သူမနာမည်မပါဝင်ကြောင်း ပြောကြားခဲ့သည်။

ထရမ့်အစိုးရအဖွဲ့အတွင်းရှိ အမျိုးသမီးအနည်းငယ်အနက်မှ တစ်ဦးဖြစ်သူ တောင်ကယ်ရိုလိုင်းနားအုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟာလေ ၄၆ နှစ်က သူမ နုတ်ထွက်ရခြင်း၏အကြောင်းရင်းကို ပြောကြားခြင်းမပြုသော်လည်း ၂၀၂၀ တွင် သမ္မတရွေးကောက်ပွဲယှဉ်ပြိုင်ရန် စီစဉ်နေသည်ဟု ခန့်မှန်းမှုများကိုမူ ပယ်ချခဲ့သည်။

မစ္စဟာလေက သူမ၏ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမပြုပေ။

“အချိန်ကာလက ရှစ်နှစ်လောက်ရှိသွားပါပြီ။ ကျွန်မက အချိန်ကာလကန့်သတ်မှုတွေကို ယုံကြည်သူတစ်ဦး ဖြစ်ပါတယ်။ ကျွန်မ ဘယ်သွားမလဲ၊ ဘာလုပ်မလဲဆိုတာကိုဘာမှ မစီစဉ်ရသေးပါဘူး”ဟု မစ္စဟာလေက ပြောကြားသည်။

နစ်ကီဟာလေက သမ္မတထရမ့်ကို လက်ညှိုးညွှန်ပြကာ “ဒီတစ်ယောက်” အတွက် စည်းရုံးမဲဆွယ်ပေးဖြစ်မယ်ထင်တယ်ဟု သတင်းထောက်များအား ပြောကြားသည်။

သမ္မတထရမ့်ကလည်း မစ္စဟာလေသည် အချိန်အနည်းငယ်အနားယူလိုသည်ဟု ၎င်းအား ယခင်က ပြောဆိုခဲ့ဖူးကြောင်း ပြောကြားသည်။

သမ္မတထရမ့်က “သူက ကျုပ်အတွက် တကယ်ကိုထူးခြားတဲ့သူပါ။ အံ့အားသင့်စရာအလုပ်တွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ သူကခေသူမဟုတ်ပါဘူး။ အရမ်းကိုအရေးပါတဲ့သူပါ။ ဒါပေမဲ့ သူကလည်း သူ့ကိစ္စနဲ့ သူပေါ့လေ”ဟု ပြောကြားသည်။

“တစ်ချိန်ချိန်မှာ ပြန်လာမယ်လို့ မျှော်လင့်ပါတယ်။ ကွဲပြားတဲ့ စွမ်းရည်တွေနဲ့လည်း ဖြစ်နိုင်ပါတယ်။ မင်းရွေးချယ်နိုင်ပါတယ်”ဟုလည်း ထရမ့်က ပြောကြားသည်။ မစ္စဟာလေက ရယ်မောနေခဲ့သည်။

တောင်ကယ်ရိုလိုင်းနားအုပ်ချုပ် ရေးမှူးဟောင်း၊ ကုလသံအမတ်ဟောင်း နစ်ကီဟာလေသည် အနာဂတ်၏ အမေရိကန် အမျိုးသမီးသမ္မတတစ်ဦးအဖြစ် ထင်ကြေးပေးခံနေရသော အလားအလာကောင်းသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သော်လည်း သူမကမူ ၂၀၂၀ တွင် ဒေါ်နယ်ထရမ့်ကို စိန်ခေါ်မည်မဟုတ်ကြောင်း ပြောကြားကာ ငြင်းပယ်ထားသည်။

F-04