News

POST TYPE

FOREIGN AFFAIRS

စင်ကာပူနှင့် ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုရန် နောက်ဆုံးအဆင့်ဆွေးနွေး
11-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်လျက်ရှိသော စင်ကာပူနှင့် မြန်မာတို့အကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် နောက်ဆုံးအဆင့်ဆွေးနွေးနေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် အဆိုပါစာချုပ်ချုပ်ဆိုနိုင်ရန်အတွက် နှစ်နိုင်ငံအကြား သုံးကြိမ်ခန့်ဆွေးနွေးထားပြီးဖြစ်ကာ နောက်ဆုံးအဆင့်အဖြစ် အခွန်နှင့်သက်ဆိုင်သော အသုံးအနှုန်းဆိုင်ရာ အချက်တစ်ခုနှင့် အခြားအချက်တစ်ချက်တို့ကို ပြန်လည်ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ယင်းအချက်များ ပြင်ဆင်ပြီးပါက စာချုပ်ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဘယ်တော့ ချုပ်ဆိုနိုင်မလဲဆိုတာတော့ အတိအကျတော့ပြောလို့မရသေးဘူး။ ဒါပေမဲ့ သိပ်မကြာတော့ပါဘူး။ မကြာခင် ချုပ်ဆိုနိုင်တော့မှာပါ” ဟု ၎င်းကရှင်းပြသည်။

ယင်းစာချုပ်ချုပ်နိုင်ပြီးပါက စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြမည့် နိုင်ငံခြားကုမ္ပဏီများသည် မြန်မာအစိုးရ၏ အကာအကွယ်ပေးမှုကို ရရှိနိုင်မည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်းကုမ္ပဏီများသည်လည်း စင်ကာပူအစိုးရ၏ အကာအကွယ်ပေးမှုကို ရရှိနိုင်မည်ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာသန်း ၅၇၁၈ ကျော် အထိရှိခဲ့ပြီး ယင်းပမာဏတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာသန်း ၂၁၆၃ ကျော်အထိ ပါဝင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။ 

လက်ရှိတွင် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကျိုးတူ ရင်းနှီးမြှုပ်နှံမှုစာချုပ်ချုပ်ဆိုထားသော နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ ကိုရီးယား၊ ကူဝိတ်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား၊ အစ္စရေးနှင့် အိန္ဒိယတို့ ဖြစ်သည်။

J-01