POST TYPE

FOREIGN AFFAIRS

စည်းကမ်းမဲ့ယာဉ် ကရိန်းဆွဲခ နိုင်ငံဘဏ္ဍာသို့ ပေးသွင်းထားခြင်းမရှိဟုဆို
04-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်မြို့တော်ရှိ လမ်းမများပေါ်တွင် စည်းကမ်းမဲ့ရပ်နားထားသည့် မော်တော်ယာဉ်များကို ကရိန်းဖြင့် ဖယ်ရှားရာတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးသည့် ငွေကြေးများကို နိုင်ငံဘဏ္ဍာစာရင်းသို့ ပေးသွင်းခြင်းမရှိဘဲ ၎င်းတို့သဘောဖြင့် စီမံခန့်ခွဲသုံးစွဲလျက်ရှိကြောင်း မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ဝေဖန်ပြောကြားသည်။ 

ရန်ကုန်တိုင်း စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်၍ အောက်တိုဘာလ ၂ ရက်က လွှတ်တော်၌ ဆွေးနွေးရာတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၎င်းတို့သဘောဖြင့် စီမံခန့်ခွဲသုံးစွဲနေခြင်းများသည် ဘဏ္ဍာရေးစည်းမျဉ်းနှင့် ညီညွှတ်မှုမရှိတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာထဲကို ထည့်သွင်းသင့်ပါတယ်” ဟု ဦးရန်ရှင်းက လွှတ်တော်သို့ တင်ပြဆွေးနွေးသည်။ 

ထို့အပြင် ကရိန်းဝန်ဆောင်မှုလုပ်ငန်းမှရရှိသည့် ငွေကျပ်ငါးသောင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ ကျပ်နှစ်သောင်း၊ ကျန်ကျပ်သုံးသောင်းမှ ၁၀ ရာခိုင်နှုန်းကို ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ပေးသွင်းရပြီး ကရိန်းအဖွဲ့က ကျပ်နှစ်သောင်းခုနစ်ထောင်ရရှိကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် တိုင်းလွှတ်တော်အစည်းအဝေး၌ ဖြေကြားထားသည်။ 

သို့သော် ယခုနှစ် စက်တင်ဘာလ ၁၄ ရက်က လွှတ်တော်သို့ တင်ပြသော ရန်ကုန်တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာ၌မူ ယာဉ်ထိန်းတပ်ဖွဲ့မှ ကျပ်တစ်သောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျပ်တစ်သောင်း၊ ဦးကျော်ရင် ကရိန်းအဖွဲ့မှ ကျပ်သုံးသောင်းခွဲဝေယူကြောင်း သိရှိရခြင်းကြောင့် ဝန်ကြီး၏ ဖြေကြားချက်နှင့် စာရင်းစစ်ချုပ်၏ အစီရင်ခံစာ တင်ပြချက်ကွဲလွဲနေကြောင်း တွေ့ရှိရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ထောက်ပြသည်။

“တစ်တန်အောက်ယာဉ်ကို ဖမ်းပြီး ကရိန်းဆွဲရင် ဒဏ်ငွေငါးသောင်းရိုက်ပါတယ်။ ယာဉ်ထိန်းက တစ်သောင်း၊ အစိုးရက တစ်သောင်း၊ ဦးကျော်ရင် သုံးသောင်းရပါတယ်။ တစ်တန်အထက်ဆိုလို့ကတော့ ဒဏ်ငွေခုနစ်သောင်း ရိုက်ပါတယ်။ ယာဉ်ထိန်းက တစ်သောင်းခွဲ၊ အစိုးရက တစ်သောင်းခွဲနဲ့ ဦးကျော်ရင် လေးသောင်းခွဲရပါတယ်။ စည်းကမ်းမဲ့တဲ့သူတွေကို ဒဏ်ရိုက်လို့ရတဲ့ငွေဆိုတာ နိုင်ငံတော်ဘဏ္ဍာဖြစ်ရမှာပါ။ အခုက သက်ဆိုင်ရာဌာနတွေက ရတာကနည်းနည်း၊ ဦးကျော်ရင် ရတာများများ ဖြစ်နေပါတယ်” ဟု အင်းစိန်မြို့နယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က လွှတ်တော်၌ တင်ပြသည်။

ထို့ကြောင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေပြင်ပစာရင်းထဲသို့ ရောက်ရှိသွားခြင်းမှာ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် YRTA အနေနှင့် ကရိန်းများဝယ်ယူ၍ ကိုယ်တိုင်ဖမ်းဆီးရေးကို တာဝန်ယူလုပ်စေချင်ကြောင်း၊ ကိုယ်ပိုင်ကရိန်းဖြင့် ဖမ်းဆီးသည့်အတွက် မော်တော်ယာဉ်များ စည်းကမ်းရှိသွား၍ ဖမ်းစရာ လုံးဝမလိုသည့်တိုင်အောင် လမ်းပေါ်၌ ယာဉ်များသွားလာနေသရွေ့ အလုပ်ရှိနေဦးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

J-17