News

POST TYPE

FOREIGN AFFAIRS

ဒေါ်နယ်ထရမ့်သည် မိဘဖြစ်သူများ ဒေါ်လာသန်းနှင့်ချီ၍ အခွန်ရှောင်နိုင်အောင် ကူညီပေးခဲ့ဟု နယူးယောက်တိုင်းမ်သတင်းစာ စုံစမ်းဖော်ထုတ်
04-Oct-2018


ဝါရှင်တန်၊ အောက်တိုဘာ ၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မိဘဖြစ်သူများအနေနှင့် အမေရိကန်ဒေါ်လာသန်းနှင့်ချီသော အခွန်များတိမ်းရှောင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပေးခဲ့ဖူးသည်ဟု အမေရိကန်သတင်းစာ နယူးယောက်တိုင်းမ်က စုံစမ်းဖော်ထုတ်ရေးသားလိုက်ကြောင်း သတင်းဌာနများက ကိုးကားဖော်ပြသည်။ 

ဒေါ်နယ်ထရမ့်နှင့် သူ၏မောင်နှမတစ်စုသည် မိဘဖြစ်သူများအနေနှင့် အခွန်ငွေ ဒေါ်လာသန်းနှင့်ချီ၍ ရှောင်လွှဲနိုင်မည့် လိမ်လည်မှုတစ်ရပ်ကို ပါဝင်ကျူးလွန်ခဲ့ဖူးသည်ဟု နယူးယောက်တိုင်းမ်က စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းတစ်ပုဒ်က ဆိုသည်။ 

ယင်းသတင်းအရ သမ္မတထရမ့်သည် သူ၏ဖခင်ဖြစ်သူပိုင်ဆိုင်သော အိမ်ခြံမြေစီးပွားရေးလုပ်ငန်းအနေနှင့် ယနေ့ခေတ်ကာလ ငွေတန်ဖိုးအရဆိုပါက ဒေါ်လာ ၄၁၃ သန်းခန့်ကို အခွန်ရှောင်နိုင်အောင် အကွက်ချလုပ်ကိုင်ပေးခဲ့သည်ဟု ဆိုသည်။ အမေရိကန်အိမ်ဖြူတော်ကမူ နယူးယောက်တိုင်းမ်၏ အဆိုပါသတင်းသည် သတင်းအမှားတစ်ခုသာဖြစ်သည်ဟု ဆိုထားသည်။ 

နယူးယောက်တိုင်းမ်ဖော်ပြချက်အရ ထရမ့်သည် မိဘများထံမှ ရရှိသည့် ဒေါ်လာငွေသန်းပေါင်းများစွာကို ဖုံးကွယ်နိုင်ရေးအတွက် သူ၏ညီအစ်ကို မောင်နှမများနှင့်အတူ ကော်ပိုရိတ်တစ်ခုကို ဟန်ပြထူထောင်ခဲ့သည်ဟု ဆိုသည်။ 

သမ္မတဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးရာ၌ ထရမ့်က ၎င်း၏ စီးပွားရေး လုပ်ငန်းရှင်ဖခင်ဖြစ်သူထံမှ ငွေကြေးပမာဏ အနည်းငယ်မျှချေးယူကာ အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်အောင် ကြိုးစားလုပ်ကိုင်ခဲ့သည့်သဘောမျိုးဖြစ်အောင် ကြေညာခဲ့သည်ဟု ယင်းသတင်းကဆိုသည်။ 

နယူးယောက်တိုင်းမ်က ယင်းသို့ စုံစမ်းဖော်ထုတ်ထားသည့် သတင်းနှင့်ပတ်သက်၍ Reuters သတင်းဌာနက အတည်ပြုရန်ကြိုးစားခဲ့သော်လည်း ယခုအထိ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။ 

အိမ်ဖြူတော်က ထုတ်ပြန်သော ကြေညာချက်တွင် ပြောရေးဆိုခွင့်ရှိသူ ဆာရာဆန်းဒါးစ်က အဆိုပါသတင်းမှာ သတင်းအမှားတစ်ရပ်သာဖြစ်ကြောင်း၊ အခွန်ငွေစုံစမ်းရေးအဖွဲ့က ထရမ့်တို့မိသားစုနှင့် ဆက်နွှယ်သော ငွေကြေးလွှဲပြောင်းမှုကိစ္စကို ဆယ်စုနှစ်များစွာကတည်းက သုံးသပ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဖော်ပြသည်။ 

သမ္မတထရမ့်၏ ရှေ့နေချားလ်စ်ဟာ ဒါက “အဲဒီကိစ္စတွေမှာ သမ္မတကြီးဟာ လုံးဝကိုပါဝင်ပတ်သက်မှုမရှိသလောက်ပါပဲ” ဟု နယူးယောက်တိုင်းမ်သို့ ပြောကြားသည်။ 

အဆိုပါအခွန်ကိစ္စရပ်များကို ထရမ့်၏ အခြားသော မိသားစုဝင်များက ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ၎င်းတို့သည် အခွန်ကိစ္စကို ပိုင်နိုင်ကျွမ်းကျင်ခြင်းလည်း မရှိကြောင်း၊ သို့အတွက်ကြောင့် ဥပဒေနှင့်အညီဖြစ်ရန်အတွက် လိုင်စင်ရပုဂ္ဂိုလ်များကို ငှားရမ်းလုပ်ကိုင်စေခဲ့ကြောင်း ၎င်းကဆိုသည်။ 

နယူးယောက်တိုင်းမ်က စုံစမ်းဖော်ထုတ်သည့်သတင်းနှင့်ပတ်သက်၍ အမေရိကန် ပြည်တွင်းအခွန်များ ဝန်ကြီးဌာနက ထင်မြင်သုံးသပ်ချက် တစ်စုံတစ်ရာ မပေးသေးပေ။ နယူးယောက်တိုင်းမ်သတင်းစာကမူ ယင်းသတင်းသည် ထရမ့်နှင့် သူ၏ ကုမ္ပဏီများနှင့်ပတ်သက်သော အခွန်ပေးဆောင်မှု ၂၀၀ ကျော်ခန့်ကို အခြေခံကာ ရေးသားထားခြင်းဖြစ်သည်ဟုဆိုသည်။ ထရမ့်၏ ကုမ္ပဏီမှ ဝန်ထမ်းဟောင်းများ၊ အကြံပေးပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းခဲ့သလို သူ၏ စီးပွားရေးလုပ်ငန်းအတွင်း စည်းဝိုင်းထဲမှ အခြေအနေများကို ရေးသားဖော်ပြထားသည့် မှတ်တမ်းများကို အခြေခံထားခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

F-01