News

POST TYPE

FOREIGN AFFAIRS

စင်ကာပူတွင် ဆိုက်ရောက်ကတ် ဖြည့်သွင်းမှုနေရာတွင် အီလက်ထရောနစ်စနစ်ဖြင့် အစားထိုးမည်
04-Oct-2018
စင်ကာပူ၊ အောက်တိုဘာ ၃

စင်ကာပူနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားသားများသည် ဆိုက်ရောက် စက္ကူကတ်ပြားများတွင် ဖြည့်သွင်းရန်မလိုဘဲ ခရီးစဉ်မလာရောက်မီ အွန်လိုင်းသတင်းအချက်အလက်များ ဖြည့်သွင်းနိုင်သည့်စနစ်ကို မကြာမီသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း Channnel News Asia သတင်းဌာနက ဖော်ပြသည်။

စင်ကာပူနိုင်ငံသို့ ဝင်ရောက်သော နိုင်ငံခြားသားများမှာ ခရီးသွားများ၏ လေယာဉ်ပျံသန်းမှု အမှတ်စဉ်၊ စင်ကာပူတွင် ရှိနေစဉ် နေထိုင်မည့်လိပ်စာ စသည့် သတင်းအချက်အလက်များကို ဆိုက်ရောက်/ ထွက်ခွာ ကတ်ပြားများတွင် ရောက်ရှိသည်နှင့် ဖြည့်သွင်းရန်လိုအပ်သည်။

အီလက်ထရောနစ် ဆိုက်ရောက်ကတ်ပြားစနစ်တွင်မူ ခရီးသွားများသည် စင်ကာပူသို့ မရောက်ရှိမီ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (ICA) ဝက်ဘ်ဆိုက် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ကိုယ်ရေးအချက်အလက်များနှင့် ခရီးစဉ်အချက်အလက်များ ဖြည့်သွင်းနိုင်သည်ဟု အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်သည်။

ယင်းစနစ်ဖြင့်ဆိုပါက ခရီးသွားများသည် ရောက်ရှိသည်နှင့် လူဝင်မှုကြီးကြပ်ရေး စာရင်းရှင်းလင်းမှုအတွက် ပတ်စ်ပို့သာ ပြရန်လိုမည်ဖြစ်သည်။ ကြိုဖြည့်ထားသော ထိုကတ်ကို ICA စနစ်အတွင်းမှ ယူသုံးသွားမည်ဖြစ်သောကြောင့် အထူးတလည် အလုပ်ရှုပ်ခံရန် လိုတော့မည် မဟုတ်ပေ။

အီလက်ထရောနစ် ဆိုက်ရောက်ကတ် စမ်းသပ်သုံးစွဲမှုကို ကြာသပတေးနေ့မှ စတင်ပြီး သုံးလကြာဆောင်ရွက်သွားမည်ဟု ICA က ထုတ်ပြန်ခဲ့သည်။ စမ်းသပ်မှုကို Woodlands နှင့် Tuas စစ်ဆေးရေးဂိတ်များ၊ ချန်ဂီလေဆိပ်နှင့် စင်ကာပူ၏ သင်္ဘော/ကူးတို့ဆိပ်ကြီးလေးခုတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းစစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပြီး ဆိုက်ရောက်စက္ကူကတ်ပြားများ မဖြည့်ရသေးသည့် နိုင်ငံခြားဧည့်သည်များကို ICA အရာရှိများက ယင်းစနစ်ဖြင့် ဖြည့်သွင်းမှုတွင် ပါဝင်ခိုင်းမည်ဖြစ်ပြီးခရီးသွားများ၏ အဆင်ပြေ၊ မပြေတုံ့ပြန်ချက်များကိုပါ ကောက်ယူသွားမည်ဖြစ်သည်။

ယင်းစမ်းသပ်မှုမှာ ဆိုက်ရောက် ကတ်ပြားဖြည့်သွင်းရန် မလိုသည့် စင်ကာပူသို့ ပြန်ဝင်လာသော စင်ကာပူနိုင်ငံသားများ၊ အမြဲတမ်းနေထိုင်သူများ (PR)၊ ကျောင်းသားနှင့် အလုပ်သမားကဲ့သို့ ရေရှည်နေထိုင်သူများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။

နိုင်ငံခြားဘာသာစကားအမျိုးမျိုးဖြင့် ရရှိနိုင်မည့် အီလက်ထရောနစ် ဆိုက်ရောက်ကတ်စနစ်ကြောင့် မိသားစုလိုက် သို့မဟုတ် အုပ်စုလိုက် လာသူများ တစ်ကြိမ်တည်း အုပ်စုလိုက်ဖြည့်သွင်းခြင်းမျိုးပါ လုပ်လာနိုင်မည်ဖြစ်သည်။

အုပ်စုလိုက်ဆိုပါက၊ ပျံသန်းမှုမှတ်တမ်း၊ နောက်ဆုံးဆိုက်ရောက်သည့် နေရာ၊ စင်ကာပူတွင် တည်းမည့်နေရာများကို တစ်ကြိမ်တည်းဖြည့်သွင်းရုံဖြင့် အလိုအလျောက် အားလုံးဖြည့်ပြီးသား ဖြစ်စေမည်ဖြစ်ကာ တစ်ဦးချင်းအချက်အလက်သာ တစ်ယောက်ချင်းစီဖြည့်ရန် လိုတော့မည်ဖြစ်သည်။ 

မိုဘိုင်းအက်ပလီကေးရှင်းဖြင့် သုံးမည်ဆိုပါက ခရီးသွားများ၏ ယခင်ခရီးစဉ် အချက်အလက်များကိုပါ သိမ်းဆည်းထားနိုင်မည်ဖြစ်သောကြောင့် နောက်နောင်လာရောက်သည့်အခါများတွင် ကိုယ်ရေးအချက်အလက်ကဲ့သို့သော နေရာများတွင် ထပ်ဖြည့်စရာမလိုတော့ဘဲ ပြန်သုံးနိုင်မည်ဖြစ်သည်။

F-03