News

POST TYPE

FOREIGN AFFAIRS

အင်ဒိုနီးရှား မြေငလျင်နှင့် ဆူနာမီကြောင့် သေဆုံးသူ ၁၂၀၀ ကျော်
03-Oct-2018


ဂျကာတာ၊ အောက်တိုဘာ ၂ 

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် သောကြာနေ့ကဖြစ်ပွားခဲ့သော မြေငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီတိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ စုစုပေါင်းမှာ ယခုအခါ ၁၂၀၀ ကျော်သို့ရောက်ရှိသွားပြီဖြစ်သည်ဟု သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က အတည်ပြုပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြေငလျင်နှင့် ဆူနာမီဖြစ်ပွားပြီး အစပိုင်းတွင် လူသေဆုံးမှုမှာ ဆယ်ဂဏန်းမျှသာရှိခဲ့ရာမှ တနင်္ဂနွေနေ့တွင် ၈၀၀ ကျော်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် အင်္ဂါနေ့တွင်မူ ၁၂၀၀ ကျော်ထိမြင့်တက်လာခြင်းဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။ 

ပြင်းအား ၇ ဒသမ ၅ ရှိသည့် မြေငလျင်ကြောင့် ပါလူမြို့အပါအဝင် ဆူလာဝေစီကျွန်းရှိ အဆောက်အအုံများ ပြိုကျပျက်စီးသွားခဲ့သည်။ ထို့ပြင် ကမ်းခြေဒေသများတွင်လည်း ဆူနာမီကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ 

လက်ရှိအနေအထားတွင် ပါလူအပါအဝင် အခြားမြို့များတွင် အစားအစာ၊ လောင်စာဆီနှင့် သောက်သုံးရေ ပြတ်လပ်မှုဆိုးရွားစွာဖြစ်ပေါ်လျက်ရှိသည်။ 

BBC သတင်းဌာန၏ ဖော်ပြချက်အရ ပါလူမြို့တွင် တွေ့ရသမျှ ဒေသခံအားလုံးလိုလိုသည် ၎င်းတို့၏ မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များရရှိရန် အစွမ်းကုန်ကြိုးပမ်းလျက်ရှိသည်။ 

ရေကောင်းရေသန့်၊ လျှပ်စစ်မီး သို့မဟုတ် သောက်သုံးရေ စသည်တို့သည် ငလျင်ဒဏ်နှင့် ဆူနာမီဒဏ်ကို အဆိုးရွားဆုံးအနေအထားဖြင့် ကြုံတွေ့ခဲ့ရသည့် ပါလူမြို့အတွက် အသက်တမျှ အရေးကြီးနေကြောင်း ကယ်ဆယ်ရေးအဖွဲ့များက မှတ်ချက်ပေး ပြောကြားသည်။ 

သို့အတွက်ကြောင့် လုယက်မှုများဖြစ်ပေါ်လာမည်ကိုစိုးရိမ်၍ ကုန်စုံဆိုင်အချို့ကို လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်များက စောင့်ရှောက်လျက်ရှိသည်ဟု ဆိုသည်။ 

ယမန်နေ့ကမူ စတိုးဆိုင်တစ်ဆိုင်ကို လူအုပ်ကြီးက လုယက်ရန်ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက် ခြိမ်းခြောက်ခဲ့ရသည်။ 

အချို့မြို့နယ်များတွင်လည်း အလားတူဖြစ်ရပ်မျိုးများ ပေါ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့်လူစုခွဲပစ်ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးကမူ ၎င်း၏တာဝန်မှာ စတိုးဆိုင်ကို စောင့်ရှောက်ရန်ဖြစ်သော်လည်း လူအများက အစားအစာငတ်မွတ်လွန်သောကြောင့် ဝင်ရောက်လုယက်လာပါက မည်သို့တုံ့ပြန်ရမည်ကို မသိသလိုဖြစ်ခဲ့ရကြောင်း ပြောကြားသည်။ 

အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အဆိုအရ အင်ဒိုနီးရှားလူမျိုး ကျောင်းသား ကျောင်းသူ ၃၄ ဦးမှာ ဘုရားရှိခိုးကျောင်းတစ်ခုအနီးတွင် မြေပြိုမှုကြောင့် သေဆုံးသွားခဲ့သည်ကို တူးဖော်တွေ့ရှိရသည်။

F-01