News

POST TYPE

FOREIGN AFFAIRS

သီလဝါရထားနှင့်ကုန်တင်ယာဉ် တိုက်မိ၍ စက်ခေါင်းပျက်စီး
01-Oct-2018
ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါ (MITT) ဆိပ်ကမ်း ဂိတ်ပေါက်အနီး ရန်ကုန်-သီလဝါ မြို့ပတ်ရထားနှင့် ၂၂ဘီးတွဲမော်တော်ယာဉ်တို့ တိုက်မိခဲ့ခြင်းကြောင့် စက်ခေါင်း အမှတ် DD/932 “အင်ကြင်း-၁” သည် ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာ့မီးရထား၊ စက်မှုအင်ဂျင်နီယာဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၂၉ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်ဘက်မှသီလဝါဘက်ကို မောင်းနှင်လာသော စက်ခေါင်းအမှတ် DD/932 “အင်ကြင်း-၁” ရန်ကုန်-သီလဝါ မြို့ပတ်ရထားနှင့် Scania ယာဉ်အမျိုးအစား ၂၂ ဘီးတွဲယာဉ်တို့ တိုက်မိခဲ့ပြီး ရထားစက်ခေါင်းရှေ့ လေပိုက်နှင့် တွဲယာဉ်ဝဲခြမ်း ကိုယ်ထည်ပိန်ချိုင့်၊ ဆီတိုင်ကီတို့ ပျက်စီးခဲ့ခြင်းဖြစ်သည်။

“စက်ခေါင်းက လေပိုက်က ပြင်လိုက်တာပြီးပြီ။ ကျန်တဲ့အပိုင်းက ပြန်ပြု ပြင်ရဦးမယ်။ ပြင်ဆင်ချိန်က မနေ့ကမှ ဖြစ်တာဆိုတော့ ဘယ်လောက်ကြာမလဲ မသိသေးဘူး”ဟု အင်ဂျင်နီယာဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ အဆိုပါ စက်ခေါင်းနေရာတွင် စက်ခေါင်းအစားထိုး၍ ပြေးဆွဲပေးနေပြီး ရထားမတော်တဆမှုဖြစ်ခြင်းကြောင့် ယာဉ်မောင်းကို အရေးယူရန် ဆောင်ရွက်ထားကြောင်း ၎င်းက ပြောကြားသည်။

“သီလဝါဆိပ်ကမ်းနား ရထားကားလမ်းကူးဂိတ်အဖြစ် တံခါးက မရှိဘူး။ အဲဒီတော့ ကားက ဖြတ်မောင်းလာလို့ ဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာ့မီးရထားက အသက် ၃၈ နှစ်ရှိ ယာဉ်မောင်း ဦးစိုးအောင်ချစ်ကို သင်္ဃန်းကျွန်းရထား ရဲစခန်း (ပ) ၄၃/၂၀၁၈၊ ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06


  • VIA