News

POST TYPE

FOREIGN AFFAIRS

မန္တလေး-မြစ်ကြီးနား ရထားတန်ဆာခ တိုးကောက်မည်
30-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၉

မြန်မာ့မီးရထားအနေနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်း ရေရှည်ရပ်တည်နိုင်ရန် ကနဦးအဖြစ် ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား ကုန်ရထားများ၏ ကုန်စည်ပို့ဆောင်ရေးတန်ဆာခကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) ကုန်စည်ပို့ဆောင်ရေးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တန်ဆာခတိုးကောက်ဖို့ အစိုးရအဖွဲ့ကို တင်ပြထားပြီးပြီ။ အခုပွင့်လင်းရာသီမှာ စတိုးမြှင့်ကောက်ခံမယ်။ လက်ရှိ ဆီဈေးနဲ့ ရေရှည်ရပ်တည်သွားဖို့ လိုအပ်တယ်။ နိုင်ငံပိုင်အဖွဲ့ဖြစ်နေတော့ တန်ဆာခကို တက်လိုက်ရင် အပြင်မှာ ပိုဆိုးသွားမှာလည်း စိုးရိမ်ရတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်-မန္တလေးနှင့် မန္တလေး-မြစ်ကြီးနား ကုန်ရထားများ၏ တန်ဆာခမှာ တစ်တန် တစ်မိုင်လျှင် ကျပ် ၃၀ မှ ၅၀ ကျပ်အထိဖြစ်ပြီး တိုးမြှင့်ကောက်ခံမည့် နှုန်းထားမှာ တစ်တန်တစ်မိုင်လျှင် ငါးကျပ်နှုန်း ပျမ်းမျှတက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ရထားတွဲတစ်တွဲလုံးအနေနဲ့တော့ ငါးသောင်းက နေတစ်သိန်းကြား တန်ဆာခကို တက်ဖို့တော့ ပျမ်းမျှလျာထားတယ်။ လက်ရှိက ပျမ်းမျှလျာထားချက်တွေပဲ ပြောနိုင်မယ်။ မကြာခင် တရားဝင်ကြေညာမယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့မီးရထားအနေနှင့် ကုန်ရထား ပြေးဆွဲမှုတွင် ပုဂ္ဂလိကအတွက် သယ်ယူပို့ဆောင်ခြင်းနှင့် ဌာနဆိုင်ရာအတွက် သယ်ယူပို့ဆောင်ခြင်းအဖြစ် နှစ်ပိုင်းခွဲထားပြီး ပုဂ္ဂလိကအတွက် ကုန်ရထား ၁၄ စင်း၊ ဌာနဆိုင်ရာများအတွက် ကုန်ရထား ၁၃ စင်း နေ့စဉ်ပြေးဆွဲမှုရှိကြောင်း၊ ကုန်ရထားများအားလုံးကို တစ်လလျှင် ကုန်တန်ချိန် နှစ်သိန်းခန့် သယ်ယူပို့ဆောင်ကြောင်း မြန်မာ့မီးရထား၊ (ကုန်စည်ပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

မြန်မာတစ်ပြည်လုံးရှိ ရန်ကုန်-မန္တလေး၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-လားရှိုး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-ရွှေညောင် ရထားလမ်းပိုင်းတွင် ကုန်ရထားများပြေး ဆွဲပြီး ကုန်ရထားအမျိုးအစားများမှာ ကုန်အမြန်ရထား၊ ရိုးရိုးကုန်ရထား၊ သစ်လုံးခွဲသားအထူးရထား၊ စက်သုံးဆီအထူးရထား၊ ထုံးကျောက်အထူးရထား၊ ကျောက်ရထားတို့ ဖြစ်သည်။

လက်ရှိ ကုန်စည်တန်ဆာခတိုးမြှင့် ကောက်ခံမည့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ကုန်အမြန်ရထား အစုန်သုံးစီး၊ အဆန်သုံးစီး၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် အစုန်သုံးစီး၊ အဆန်သုံးစီး၊ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အစုန်နှစ်စင်း၊ အဆန်နှစ်စင်းတို့ နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ 

J-06


  • VIA