News

POST TYPE

FOREIGN AFFAIRS

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ်ဟု မဟာသီယာမိုဟာမက် ပြောကြား
30-Sep-2018


ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၉

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်ဟု အသက် ၉၃ နှစ်အရွယ်ရှိ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က အထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းသတိပေးလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

မဟာသီယာမိုဟာမက်သည် ယခင်က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုခဲ့ဖူးသော်လည်း ၁၅ နှစ် ကျော်ကြာမျှ ဝေးကွာခဲ့ပြီး ယခုတစ်ကြိမ် မလေးရှားဝန်ကြီးချုပ်အဖြစ်ပင် ပြန်လည်မိန့်ခွန်းပြောဆိုခွင့်ရရှိခဲ့သည်။ 

“ကျွန်တော်ဒီမှာ ၂၀၀၃ ခုနှစ်က မိန့်ခွန်းပြောခဲ့တုန်းက ကမ္ဘာကြီးဟာ ဘယ်လိုလမ်းပျောက်နေတယ်ဆိုတာကို ပြောခဲ့ပါတယ်။ နိုင်ငံငယ်လေးတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ သနားညှာတာမှဖြစ်မယ့် အခြေအနေမျိုးထဲမှာဆက်ရှိနေတဲ့အတွက် ကျွန်တော်အင်မတန် ဝမ်းနည်းမိပါတယ်”ဟု ၎င်းက ဆိုသည်။ 

“ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးလုပ်သွားဖို့ လိုအပ်ပါတယ်။ အရည်အသွေး တည်ဆောက်ရေး (Capacity Building) နဲ့ စီးပွားရေးကို တစ်မျိုးမက အမျိုးမျိုးဖြစ်အောင် ပြောင်းလဲလုပ်ကိုင်ရေး စတာတွေလုပ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ပန်းတိုင်ကို ထိန်းထားနိုင်ဖို့လည်းလိုပါတယ်”ဟု မဟာသီယာ မိုဟာမက်က ပြောကြားသည်။ 

ကုလသမဂ္ဂနှင့် ၁၅ နှစ်တာမျှဝေးကွာခဲ့ပြီးနောက် ပြန်လည်ရောက်ရှိကာ မိန့်ခွန်းပြောခွင့်ရရှိသော်လည်း အပြောင်းအလဲများစွာ မရှိဘဲဖြစ်နေသည်ကို တွေ့ရသည့်အတွက် ဒေါက်တာမဟာသီယာမိုဟာမက်အနေနှင့် စိတ်မကောင်းဖြစ်လျက်ရှိသည်။ 

“ပြောရရင် ကမ္ဘာကြီးဟာလွန်ခဲ့တဲ့ ၁၅ နှစ်တာကာလထက် ပိုပြီးဆိုးရွားလာတယ်။ ယနေ့ကမ္ဘာကြီးဟာ စီးပွားရေးအရရော၊ လူမှုရေးအရရော၊ နိုင်ငံရေးအရရော မတည်မငြိမ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရတယ်”ဟု ၎င်းက သတိပေးပြောကြားသည်။ 

ဒေါက်တာမဟာသီယာမိုဟာမက်သည် လွန်ခဲ့သည့် နှစ်အတော်များများကတည်းက ကုလသမဂ္ဂအဖွဲ့ကြီး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် တောက်လျှောက် တိုက်တွန်းလာခဲ့သည်။ 

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ က ရခဲ့တဲ့ အောင်ပွဲတွေကို အခြေခံပြီးရထားတဲ့ နိုင်ငံငါးနိုင်ငံက ကမ္ဘာကြီးကို အစဉ်ထာဝရ အကျပ်ကိုင်သွားလို့ မရနိုင်တော့ပါဘူး”ဟု လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံကို ဒေါက်တာမဟာသီယာမိုဟာမက်က ညွှန်းဆိုလိုက်သည်။ 

“ကမ္ဘာ့နိုင်ငံတွေမှာ ဒီမိုကရေစီ မကျင့်သုံးတဲ့နိုင်ငံတွေမှာ အစိုးရအပြောင်းအလဲဖြစ်အောင်၊ ဒီမိုကရေစီထွန်းကားလာအောင် ပြောဆိုပြီး ကိုယ်ကျင့်တရားရှိတဲ့ ပုံစံမျိုးဖမ်းလို့မရနိုင်တော့ပါဘူး” 

ထို့ပြင် ၎င်းက လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကျင့်သုံးမှုနှင့်ပတ်သက်၍ ဗီတိုအာဏာကို အမြဲတမ်းအဖွဲ့ဝင် တစ်နိုင်ငံတည်းက ကျင့်သုံးခြင်းမျိုးမဟုတ်ဘဲ အနည်းဆုံး နှစ်နိုင်ငံက အမြဲတမ်းအဖွဲ့ ဝင်မဟုတ်သည့် သုံးနိုင်ငံ၏ ပံ့ပိုးမှုဖြင့် ကျင့်သုံးခြင်းမျိုးကို ပြုလုပ်သင့်သည်ဟု အကြံပေးသည်။ 

“ပြီးတော့မှာ အထွေထွေညီလာခံက ဆုံးဖြတ်ချက်ကို ကျန်ရှိတဲ့ နိုင်ငံအများစုရဲ့ သဘောထားဆန္ဒနဲ့အညီ ထောက်ခံတာမျိုးလုပ်သင့်တယ်။ ကျွန်တော် ထပ်မပြောတော့ဘူးဗျာ”ဟု ၎င်းက အဆုံးသတ်လိုက်သည်။  

F-01


  • VIA