News

POST TYPE

FOREIGN AFFAIRS

ဒုက္ခသည်တွေကို ကူညီသူတွေဒုက္ခမရောက်ရအောင်
26-Sep-2018
လူနှင့်ဒုက္ခသည် ခွဲခြား၍မရ။ လူဟူ၍ဖြစ်လာကတည်းက ဒုက္ခက တွဲ၍ပါလာသည်။ ဒုက္ခဟူသည်က အမျိုးမျိုးရှိသည်။ အစား ဆင်းရဲခြင်းဒုက္ခ၊ အဝတ်ဆင်းရဲခြင်းဒုက္ခ၊ အနေဆင်းရဲခြင်းဒုက္ခမှသည် လိုချင်တာမရသောဒုက္ခ၊ ချစ်သူနှင့်ကွေကွင်းရခြင်းဒုက္ခ၊ မချစ် မနှစ်သက်သက်သော သူနှင့်ပေါင်းဖက်ရခြင်းဒုက္ခ စသည်ဖြင့် ဒုက္ခမျိုးစုံ အဖုံဖုံသည် လူသားတို့ကို ဝိုင်းရံလျက်ရှိသည်။ ဤမျှမြားမြောင်လှသည့် ဒုက္ခမျိုးစုံအပြင် စစ်ဘေး စစ်ဒဏ်နှင့် သဘာဝဘေးရန်အန္တရာယ်တို့က လည်း လူတွေကို ဒုက္ခပေးလာကြသည်။ လူသားတို့တစ်ဦးချင်း တွေ့ရကြုံရသည့်ဒုက္ခကို မိမိဘာသာ မိမိအစီအစဉ် မိမိ၏ ရုန်းကန်ကြိုးစားအားထုတ်မှုဖြင့် ဖြေရှင်း၍ရသော်လည်း လူတို့ကြောင့်ဖြစ်သော စစ်ဘေးစစ်ဒဏ် ဘေးရန်အန္တရာယ်နှင့် သဘာဝကြောင့် ဖြစ်ပေါ်လာသော မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး စသည့် ဘေးအန္တရာယ်တို့ ကြုံတွေ့လာရသည့်အခါ တွင်ကား မိမိတစ်ဦးချင်း၊ တစ်မိသားစုချင်း၏အင်အားဖြင့် မည်သို့မျှ ဖြေရှင်းဆောင်ရွက်၍မရ နိုင်တော့ပေ။ ထိုအခါ ပရဟိတစိတ်ဓာတ်ဖြင့် ဖွဲ့စည်းထားသော ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ အစိုးရ၏ သဘာဝ ဘေးရန်အန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့များက ပါဝင်ကူညီဆောင်ရွက်ရပါတော့သည်။

သဘာဝဘေးအန္တရာယ်အမျိုးအစားကလည်း အမျိုးမျိုးရှိပါသည်။ အချို့သောဘေးအန္တရာယ်များမှာ ရက်တိုကာလ ဒုက္ခခံစားရသော ဘေးအန္တရာယ်များဖြစ်ပြီး စစ်ဘေးစစ်ဒဏ်နှင့် သဘာဝဘေးအန္တရာယ် ခံစားရသော ဒုက္ခသည်များမှာမူ ရက်ရှည်လများ ဒုက္ခခံစားရပြီး မိမိအိမ်ရာမဟုတ်သော ဒုက္ခသည်စခန်းများတွင် သွားရောက်နေထိုင်ကြရသည်။ ရေဘေးအန္တရာယ် ကြုံတွေ့ရသူများသည်လည်း မိမိတို့၏အိမ်ရာများ ပျက်စီးရုံမျှမက စီးပွားရေးလုပ်ငန်းများ ပျက်စီးကြသည်။ လယ်ယာများပျက်စီးကြသည်။ ကျောင်းများပိတ်ထားရသည့်အတွက် ကျောင်းနေအရွယ် ကလေးများ ပညာရေးလစ်ဟင်းကြရသည်။

လွန်ခဲ့သော ဇူလိုင်လနှင့်ဩဂုတ်လများ၌ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ မြို့နယ်တစ်ခုချင်းမှာပင် လူဦးရေပေါင်းသောင်းနှင့်ချီ၍ ရေဘေးဒုက္ခကို တွေ့ကြုံခံစားခဲ့ကြရသည်။ ရေကြီးရေလျှံသည့်ကာလမှာလည်း တစ်လခန့်ကြာမြင့်ပြီး ဒုက္ခသည်များမှာ ကိုယ့်အရပ်ဒေသ နေအိမ်ရှိရာသို့ မပြန်နိုင်ကြဘဲ ရေဘေးဒုက္ခသည်စခန်းများမှာပင် သောင်တင်နေကြသည်။ ဤနေရာတွင် ရေဘေးဒုက္ခသည် နှစ်မျိုးရှိသည်ဟု ပြောလိုပါသည်။ တစ်မျိုးမှာ အမှန်တကယ် နှစ်ရှည်လများ နေထိုင်ခဲ့ကြသော ဒေသခံများဖြစ်ကြ၍ နောက်တစ်မျိုးမှာ အခြားဒေသမှ အလုပ်အကိုင် ရှာဖွေခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရောက်လာကြသူများဖြစ်သည်။ ဆိုရလျှင် နေရာအတည်တကျမရှိသော ရွှေ့ပြောင်းလုပ်သားများလည်း ပါဝင်ကြသည်။ ဒေသခံများကတော့ ရေ အမြန်ကျစေလိုပြီး မိမိနေထိုင်ရာအရပ်သို့ အမြန်ဆုံးပြန်လိုကြသည်။ ဒုက္ခသည်စခန်းတွင် နေထိုင်ရသည်မှာလည်း ဒုက္ခတစ်မျိုးပင်ဖြစ်သည်။ လူအများနှင့် ရောနှောနေထိုင်ကြရသည်။ အမျိုးသမီးငယ်များအဖို့ ယောက်ျားသားများရှေ့တွင် အရှက်လုံအောင် သတိကြီးစွာထား၍ နေထိုင်ကြရသလို မလုံလောက်သောအိမ်သာများတွင် အလှည့်စောင့်၍ သွားရသည်မှာ အကြီးမားဆုံးဒုက္ခဖြစ်သည်။ ရေသန့်ဘူးအလှူရှင်များ၏ ကျေးဇူးကြောင့် သောက်ရေအတွက် မပူပင်ရသော်လည်း သုံးရေမှာ ဒုက္ခရောက်ကြရသည်။ အနီးအနားရှိနေရာများသို့ အဆင်ပြေသလိုသွားရောက်၍ ချိုးကြရသည်။ ရေမချိုးကြသူတွေများသောကြောင့် စခန်းအတွင်းတွင် အနံ့အသက်က မကောင်း။ အတူနေသူ အချင်းချင်း မသိသာလှသော်လည်း အပြင်မှလူတစ်ယောက် ရုတ်တရက်ဝင်သွားလျှင် ဆိုးရွားသောအနံ့ကို မခံနိုင်ကြ။

သို့ရာတွင် အထက်တွင်ဖော်ပြခဲ့သော ရွှေ့ပြောင်းလုပ်သားယောင်ယောင်သူများကတော့ ဒုက္ခသည်စခန်းများကို ရေရှည်ဆက်၍ ဖွင့်ထားစေလိုကြသည်။ ထို့ကြောင့် သူတို့က ရေပြန်ကျသွားသည်ကို မလိုလားကြ။ မိုးလေဝသသတင်းက ရေထပ်၍တက်မည်ဟု သတင်းကြေညာလျှင် သူတို့ပျော်ကြသည်။ ရေကျတော့မည်ဟု သတင်းကြေညာလျှင် သူတို့မျက်နှာ မကောင်းကြ။ သူတို့က အလုပ်မည်မည်ရရ မရှိ၊ နေစရာအတည်တကျ မရှိ၍ ဒုက္ခသည်စခန်းကို သုခဘုံလို သဘောထားနေကြသည်။ သို့ရာတွင် သူတို့က ဒုက္ခသည်စခန်းတွင် ဒုက္ခသည်လိုမနေ။ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတို့ စေတနာရှိအောင် ပြောဆိုနေထိုင်ခြင်းမပြုကြ။ စေတနာရှင်တို့ စေတနာပျက်အောင် ပြောဆိုပြုမူနေထိုင်ကြသည်။ အခွင့်အရေးကို ရသည်ထက်ပိုမို၍ တောင်းဆိုကြသည်။ သူတို့ကြောင့် အခြားသောသူတို့ ကသံယောင်လိုက်ပြီး ပြောကြ ဆိုကြ ဖြစ်လာကြသည်။

သဘာဝဘေးအန္တရာယ်များကြုံတွေ့ရသောအခါ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအမံနှင့် ဌာနပေါင်းစုံမှ ဝန်ထမ်းများက ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ပေးအပ်ခြင်းခံကြရသည်။ အချို့က အလှူငွေ၊ အလှူပစ္စည်းများ လက်ခံပေးရသည်။ အချို့က ရေဘေးဒုက္ခ ကြုံတွေ့ရသည့် ရပ်ကွက်၊ ကျေးရွာများအရောက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို အရောက်ပို့ပေးကြရသည်။ အချို့က မြို့ပေါ်ရှိ စုပေါင်းဒုက္ခသည်စခန်းများတွင် တာဝန်ယူကြရသည်။ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများပြီးဆုံး၍ ကိုယ့်ဌာန ကိုယ်ပြန် ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြသည့်အခါ အချင်းချင်းပြန်လည် ဆုံတွေ့ကြပြီး အတွေ့အကြုံချင်း ဖလှယ်ကြသည်။ အလှူရှင်ဆိုသည်ကလည်း အမျိုးမျိုးရှိသည်။ အချို့က ငွေကြေးလှူကြသည်။ အချို့က ဆီဆန် စသည်ဖြင့်လှူကြသည်။ အချို့က ဆေးဝါးလှူကြသည်။ သူတို့လှူဒါန်းသော ပစ္စည်းများကို ဒုက္ခသည်များ၏လက်ဝယ်အရောက် မျှမျှတတဖြစ်စေဖို့ စီမံခန့်ခွဲရသည့်အလုပ်မှာ အလွန်ပင်ခက်ခဲလှသည်။ ဒုက္ခသည်စခန်းများမှရရှိသော စာရင်းများကိုအခြေခံ၍ လူဦးရေ၊ အိမ်ထောင်စုဦးရေအလိုက် အလှူရှင်တို့၏ပစ္စည်းများကို ခွဲကြရာတွင် ကျား/မ၊ ကလေး/ လူကြီးအလိုက် ခွဲခြားပေးသော်လည်း မည်သို့မျှ မမျှတနိုင်ပေ။

ရရှိသောအချိန်တိုကာလအတွင်း အလျင်အမြန် ဆောင်ရွက်ရ သည်ဖြစ်၍ အမှားအယွင်းများရှိကြသည်။ သို့ရာတွင် ဒုက္ခသည်များကမူ နားလည်မှုမရှိကြ။ အထူးသဖြင့် ဒေသခံဒုက္ခသည်များထက် အထက်ဖော်ပြပါ ရွှေ့ပြောင်းဒုက္ခသည်များက ပို၍ဆိုးသည်။ သူတို့လိုချင်သောပစ္စည်းကို မရလျှင် မကျေနပ်ကြ။ သူတို့မလိုချင်သော ပစ္စည်းကိုရလျှင် လွှင့်ပစ်ကြသည်၊ ဆုတ်ဖြဲပစ်ကြသည်ဟူ၍ ဒုက္ခသည်စခန်းတစ်ခု တာဝန်ကျခဲ့သည့် ဝန်ထမ်းတစ်ယောက်က သူ၏အတွေ့အကြုံကို ပြန်ပြောပြသည်။ စခန်းတစ်ခုတွင်တော့ ထိုကဲ့သို့ပြဿနာမပေါ်အောင် မဲဖောက်ပေးသည်ဟုဆိုသည်။ သို့ရာတွင် မိမိကိုယ်တိုင်မဲနှိုက်သော်လည်း ရရှိသည့်ပစ္စည်းကို မလိုချင်ပါက အလားတူပင် ပြုမူဆောင်ရွက်ကြသည်ဟုဆိုသည်။

အလှူရှင်တို့က လှူဒါန်းသောဆန်များမှာ အမျိုးအစားက စုံလှသည်။ ဒုက္ခသည်စခန်းအလိုက် ခွဲဝေပေးရာတွင် ဆန်ချောနှင့်ဆန်ကြမ်းကို အလှည့်ကျခွဲဝေပေးရသည်။ ထိုအခါ ဆန်ချောရသည်အခါ သဘောတွေ့ကြပြီး ဆန်ကြမ်းရသည့်အခါများတွင် ချက်ပြုတ်ရေးတာဝန်ခံကို ပြဿနာ ရှာကြသည်။ သည်တော့ ဆန်ကြမ်းနှင့်ဆန်ချောကို ရောသမမွှေ၍ ချက်ရသည်။ ထိုကဲ့သို့ပြဿနာရှာကြသည်အနက် ရယ်စရာလည်းကောင်းသော အဖြစ်တစ်ခုမှာ စခန်းတစ်ခုတွင် စခန်းတာဝန်ခံက စေတနာထား၍ နေ့စဉ်နီးပါး ဝက်သားဟင်း ချက်ကျွေးသည်ဟုဆိုသည်။ သို့ရာတွင် အပြစ်တင်ကမလွတ်၊ နေ့စဉ်ဝက်သားဟင်းချက်ကျွေးရပါ့မည်လားဟူ၍ ရန်တွေ့ခံရသေးသည်ဟုဆိုသည်။

တစ်ခုသောဖြစ်စဉ်ကလည်း နောင်တွင် စဉ်းစားဆင်ခြင်စရာပင် ဖြစ်ပါသည်။ ပြည်ထောင်စုအဆင့်မှ လူကြီးများလာရောက်သည့်အခါ ရရှိသော အချိန်အတိုင်းအတာအရ ဒုက္ခသည်စခန်းအားလုံးသို့ မသွားနိုင်ဘဲ မြို့ပေါ် သို့မဟုတ် မြို့နှင့်နီးသောစခန်းတစ်ခုတွင်သာ အလှူငွေနှင့်ပစ္စည်းများကို ပေးအပ်လှူဒါန်းကြပါသည်။ (ကျွန်တော်တို့ တွေ့မြင်ရသော ရုပ်သံအစီအစဉ်များတွင်လည်း လူကြီးများကိုယ်တိုင် ကလေးငယ်များကို မုန့်များ ဝေငှခြင်း စသည့်မြင်ကွင်းများကို တွေ့မြင်ရပါသည်)။ သို့ရာတွင် လူကြီးများပြန်သွား၍ စခန်းတာဝန်ရှိသူများက ပစ္စည်းများကို ပြန်လည်သိမ်းဆည်းသည့်အခါ အသိမ်းမခံဘဲ ဝိုင်း၍လုကြသည်ဟု ဆိုပါသည်။ အမှန်တော့ ထိုကဲ့သို့ ပြန်လည်သိမ်းဆည်းရသည့်အကြောင်းရင်းမှာ လူကြီးများပေးသော ပစ္စည်းများသည် စခန်းတစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်မြို့နယ်လုံးရှိ ရေဘေးဒုက္ခသင့်သူများအတွက်ဖြစ်ရာ ကျန်သည့်စခန်းများအတွက်ပါ မျှတစွာခွဲဝေပေးသည်ကို ဒုက္ခသည်များက နားမလည်၍ ထိုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းဖြစ်ရာ တာဝန်ရှိသူများက ၎င်းတို့နားလည်အောင် အတော်ပင် ရှင်းပြခဲ့ရသည်ဟု သိရပါသည်။ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရေဘေးဒုက္ခသည်စခန်းအသီးသီးတွင် တာဝန်ပေးအပ်ခြင်းခံရသူများ၊ ရေဘေးသင့်ကျေးရွာများသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီ ဆောင်ရွက်ပေးသူများသည် တာဝန်ပေးအပ်ခါစတွင် အားတက်သရော တက်တက်ကြွကြွ ရှိကြသော်လည်း ရက်ရှည်တာဝန်ထမ်းဆောင်ရသောအခါ အိပ်ပျက်စားပျက်ဖြစ်လာကြပြီး စိတ်ပါဝင်စားမှု လျော့ပါးလာကြသည်။ ဒုက္ခသည်များက အထက်တွင်ဖော်ပြသည့်အတိုင်း ဂျီကျလာသောအခါ စိတ်တိုလာကြသည်။ ဆက်ဆံရေးများလည်း မပြေမလည် ဖြစ်လာကြသည်။ တော်ပါသေးသည် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်မလာမီ ရေပြန်ကျသွားပြီး ဒုက္ခသည်များ မိမိတို့အရပ်ဒေသသို့ ပြန်သွားကြသည့်အတွက် လုပ်အားပေး တာဝန်ကျသူများလည်း ကိုယ့်အလုပ် ကိုယ်ပြန် လုပ်နိုင်ကြသလို တာဝန်ရှိလူကြီးများလည်း ဟင်းခနဲ သက်ပြင်းရှည်ကြီး ချနိုင်ကြတော့သည်။

ယခုနှစ် ရေကြီးရေလျှံဖြစ်ပေါ်မှုများသည် ယခင်နှစ်များနှင့်မတူ နှစ်ပေါင်းများစွာကြာမှ ဖြစ်တတ်သည့် ရေကြီးရေလျှံမှုမျိုး ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဖြစ်နေကျမဟုတ်။ သို့ရာတွင် ယခုအခါ ရာသီဥတုများက ဖောက်ပြန်နေသည်ဖြစ်၍ နောင်လာမည့်နှစ်များတွင် မဖြစ်ပွားနိုင်ဟု မည်သူကမှ အာမခံနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ နောင်ဖြစ်လာလျှင် မိမိဘက်က အဆင်သင့်ဖြစ်နေရန် လနှင့်ချီ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဖို့လိုသည်။ ရေကြီးရေလျှံမှုဖြစ်ပေါ်တတ်သည့် ကျေးရွာများသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း၍ ဟောပြောခြင်း၊ ပညာပေးခြင်းများဆောင်ရွက်ဖို့လိုသည်။ ထို့အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရေကြီးရေလျှံ ဖြစ်ပေါ်တတ်သည့် မြို့နယ်များရှိ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကိုလည်း ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး နည်းလမ်းများအပြင် ပစ္စည်းဖြန့်ဝေရေးနည်းလမ်းများ စနစ်တကျဖြစ်စေရေးအတွက် ကြိုတင်သင်တန်းများပေးဖို့ လိုအပ်ပါသည်။

ယခင်ကဆိုလျှင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ပြည်ထဲရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် တပ်မတော်သားများကသာ ပါဝင်ဆောင်ရွက်လေ့ရှိသော်လည်း ယခုအခါတွင်မူ ဘေးအန္တရာယ်ကြုံတွေ့ရသည့်ဒေသများမှာ ကျယ်ဝန်းများပြားလာသည့်အတွက် အခြားသော ဌာနဆိုင်ရာများကိုပါ တာဝန်ပေးအပ်ရခြင်း၊ အကူအညီတောင်းခံရခြင်းများ ဆောင်ရွက်လာရပါသည်။

သဘာဝဘေးအန္တရာယ်ဟူသည် နေရာမရွေး၊ ဒေသမရွေး၊ ပုံစံအမျိုးမျိုးနှင့် ကြုံတွေ့လာနိုင်သည်ဖြစ်ရာ အထက်ဖော်ပြပါအတိုင်း ကြိုတင်ပြင်ဆင် ဆောင်ရွက်မှသာလျှင် ဒုက္ခသည်များကို ကူညီကယ်ဆယ်ရင်း ကြုံတွေ့ရသည့်ဒုက္ခများမှ ကင်းဝေးကြမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

သိန်းထက်အောင်