News

POST TYPE

FOREIGN AFFAIRS

ထရမ့်နှင့် ကင် နှစ်ဦးစလုံးထံမှ ရဲဝံ့ပြတ်သားသည့် ဆုံးဖြတ်ချက်ထွက်လာရန် လိုအပ်ဟု တောင်ကိုရီးယားပြော
13-Sep-2018

ဆိုးလ်၊ စက်တင်ဘာ ၁၂

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အနေနှင့် နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးနှင့်ပတ်သက်၍ ရဲဝံ့ပြတ်သားသည့် ဆုံးဖြတ်ချက်ချမှတ်သင့်သည်ဟု တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အင်္ဂါနေ့က တိုက်တွန်းပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်အိမ်ဖြူတော်က မြောက်ကိုရီးယားခေါင်းဆောင်နှင့် သမ္မတထရမ့်တို့အကြား နောက်ထပ် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် သမ္မတမွန်ဂျေအင်းက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။ 

“ကိုရီးယားကျွန်းဆွယ်ဒေသမှာ ပြီးပြည့်စုံတဲ့ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေး ပြုလုပ်နိုင်ရေးဆိုတာ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားအကြား စေ့စပ်ညှိနှိုင်းမှုတွေကတစ်ဆင့် အခြေခံကျကျဖြေရှင်းသွားသင့်တဲ့ ကိစ္စပါပဲ”ဟု သမ္မတမွန်ဂျေအင်းက တောင်ကိုရီးယားကက်ဘိနက်အဖွဲ့အစည်းအဝေးတွင် ပြောကြားသည်။ 

“သို့သော် မြောက်ကိုရီးယားနဲ့ အမေရိကန်အကြားဆွေးနွေးမှုနဲ့ ဆက်သွယ်မှုတွေ အရှိန်မြင့်တက်မလာသေးသရွေ့ ကျွန်တော်တို့ဘာမှ မလုပ်နိုင်ပါဘူး။ ဒါပေမဲ့ သူတို့နှစ်နိုင်ငံကြားမှာ ပေါင်းကူးပေးနိုင်အောင် ဆက်လုပ်ရပါလိမ့်မယ်” ဟု သမ္မတမွန်ဂျေအင်းကဆိုပြီး ထရမ့်ရော၊ ကင်ဂျုံအန်းတို့နှစ်ဦးစလုံးက မိမိကို ယင်းသို့ ကြားခံပုဂ္ဂိုလ်တစ်ဦး၏ အခန်းကဏ္ဍမှ ပါဝင်ပေးရန် ပြောဆိုထားကြောင်း ရှင်းပြသည်။ 

အမေရိကန်နှင့် မြောက်ကိုရီးယားအကြား နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်က ထရမ့်ထံ စာတစ်စောင်ပေးပို့ကာ အဆိုပြုခဲ့ပြီးနောက် အိမ်ဖြူတော်က ယင်းထိပ်သီးဆွေးနွေးပွဲအတွက် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။ 

ကင်ဂျုံအန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံ ပေးပို့သောစာထဲတွင် စင်ကာပူတွင်ကျင်းပခဲ့သော သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံလိုကြောင်း ဖော်ပြခဲ့သည်။ 

“အင်မတန်နွေးထွေးတဲ့စာပါ”ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဆာရာဆန်းဒါးစ်က ပြောကြားခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားဖျက်သိမ်းရေးမြောက်ကိုရီးယားက အာရုံစိုက် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ကြောင်း ဖော်ပြနေသည်ဟု မှတ်ချက်ပေးခဲ့သည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ပြီးခဲ့သည့် စင်ကာပူထိပ်သီးဆွေးနွေးပွဲ အထမြောက်နိုင်ရေးအတွက် အကျိုးဆောင် ပုဂ္ဂိုလ်ဟူသော အခန်းကဏ္ဍက တက်ကြွစွာ ပါဝင်ခဲ့သည်။ ၎င်းသည် လာမည့်သီတင်းပတ်အတွင်း ပြုံယမ်းသို့သွားရောက်ကာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တတိယအကြိမ်မြောက် တွေ့ဆုံရန် စီစဉ်ထားသည်။ 

“မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင်နှစ်ဦးဆီကနေ ရဲဝံ့ပြတ်သားတဲ့အမြင်နဲ့ ဆုံးဖြတ်ချက်တွေထပ်မံထွက် ပေါ်လာဖို့ အရေးကြီးပါတယ်။ ဒါမှမြောက်ကိုရီးယားမှာကျန်ရှိတဲ့ နျူကလီးယားလက်နက်တွေကို ဖြုတ်သိမ်းနိုင်မှာပါ” ဟု သမ္မတမွန်ဂျေအင်းက ပြောကြားသည်။ 

စင်ကာပူနိုင်ငံတွင် ထရမ့်နှင့် ကင်ဂျုံအန်းတို့ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိခဲ့သော်လည်း မည်သို့မည်ပုံ လက်နက်ဖျက်သိမ်းမည်ကို နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်းမရှိသေးပေ။

F-01