POST TYPE

FOREIGN AFFAIRS

စင်ကာပူသဘောတူညီချက်ကို အမေရိကန်ရော မြောက်ကိုရီးယားပါ အကောင်အထည်ဖော်ကြလိမ့်မည်ဟု တရုတ်မျှော်လင့်
12-Sep-2018



ဘေဂျင်း၊ စက်တင်ဘာ ၁၁ 

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့အနေနှင့် ပြီးခဲ့သည့်ဇွန်လက စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော နျူကလီးယားထိပ်သီးဆွေးနွေးပွဲ၌ ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ကြလိမ့်မည်ဟု မျှော်လင့်မိသည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းဥပဒေအရာရှိကြီးတစ်ဦးဖြစ်သူ လီဈာန်ရှူးက ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

မစ္စတာလီဈာန်ရှူးသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ စေလွှတ်မှုအရ တနင်္ဂနွေနေ့က ပြုံယမ်းတွင်ကျင်းပသည့် မြောက်ကိုရီးယားနိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနဖော်ပြချက်အရ တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေး ဦးတည်ချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကူညီပံ့ပိုးသွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု မစ္စတာလီဈာန်ရှူးက ပြောကြားသည်။ 

“ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (မြောက်ကိုရီးယား၏ တရားဝင်နာမည်) က အကောင်အထည်ဖော်နေသော ကြိုးပမ်းဆောင်ရွက်ချက်တွေကို ကျွန်တော်တို့တရုတ်ပြည်က အထူးအလေးအနက်ထားလျက်ရှိပါသည်” ဟု Xinhua သတင်းဌာနက မစ္စတာလီဈာန်ရှူး၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ 

ဇွန်လ ၁၂ ရက်နေ့က သမ္မတဒေါ်နယ် ထရမ့်နှင့်ဥက္ကဋ္ဌ ကင်ဂျုံအန်းတို့ ပြုလုပ်ခဲ့သော ထိပ်သီးဆွေးနွေးပွဲရလဒ်အတိုင်း အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံ နှစ်နိုင်ငံစလုံးက အကောင်အထည်ဖော်ကြလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းကဆိုသည်။ 

စင်ကာပူဆွေးနွေးပွဲတွင် ထရမ့်နှင့် ကင်ဂျုံအန်းတို့အကြား သဘောတူညီချက်ရရှိခဲ့သည်မှာမှန်သော်လည်း ယင်းသဘောတူညီချက်နှင့်ပတ်သက်သည့် တိကျသော အချက်အလက်များကို နှစ်ဖက်စလုံးက ထုတ်ပြန်ခြင်းမရှိသေးပေ။ 

ယင်းဆွေးနွေးပွဲအပြီး တစ်လကျော်ခန့်အကြာတွင် သမ္မတထရမ့်က မြောက်ကိုရီးယား၏ အဓိကမဟာမိတ်ဖြစ်သော တရုတ်နိုင်ငံသည် ဝါရှင်တန်နှင့် ပြုံယမ်းအကြား ဆက်ဆံရေး ပိုမိုရှုပ်ထွေးလာအောင် လုပ်ဆောင်လျက်ရှိသည်ဟု စွပ်စွဲပြောဆိုခဲ့သလို နျူကလီးယားဖြုတ်သိမ်းရေးအတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများမပေးဘဲ နေလျက်ရှိသည်ဟု ဆိုခဲ့သည်။ 

ထရမ့်က တရုတ်သည် အမေရိကန်ပြည်ထောင်စုနှင့် ထိပ်တိုက်ပြဿနာဖြစ်နေသော ကုန်သွယ်ရေးကိစ္စကြောင့် ယင်းသို့ မြောက်ကိုရီးယားပြဿနာတွင် ကူညီပံ့ပိုးမှုမပြုဘဲနေခြင်းဖြစ်သည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။ 

မြောက်ကိုရီးယားသို့ ဩဂုတ်လနှောင်းပိုင်းတွင် သွားရောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ခရီးစဉ်ကို ထရမ့်ကဖျက်သိမ်းလိုက်ပြီးနောက် ဝါရှင်တန်နှင့်ပြုံယမ်းအကြား ဆက်ဆံရေးမှာ တင်းမာသည့် အနေအထားသို့ပင် ပြန်ရောက်သွားခဲ့သည်။ 

သို့သော်လည်း တနင်္ဂနွေနေ့က ကျင်းပသည့် ယင်းနှစ် ၇၀ ပြည့် ဧရာမစစ်ရေးပြအခမ်းအနားတွင် ယခင်ကလို နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံးကျည်နှင့် ဒုံးလက်နက်များ ပြသခြင်းမရှိခဲ့ရာ ဝါရှင်တန်နှင့် ပြုံယမ်းအကြား ဆက်ဆံရေးမှာ ပြန်လည်နွေးထွေးခဲ့သည်။ 

သမ္မတထရမ့်ကမူ ယင်းသို့ ဒုံးကျည်လက်နက်များ ထည့်သွင်းပြသခြင်းမရှိခဲ့သည့်အတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အလေးအနက်ထား ဂုဏ်ပြုပြောဆိုခဲ့သည်။ 

“ဒါဟာ မြောက်ကိုရီးယားဘက်က အင်မတန်အပြုသဘောဆောင်တဲ့ ဖော်ကျူးပြသမှုတစ်ရပ်ပါပဲ။ ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကင်။ အားလုံးလွဲမှားနေကြတယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့နှစ်ယောက် သက်သေထူကြမယ်” ဟု ထရမ့်က Twitter မှတစ်ဆင့် ပြောကြားလိုက်သည်။

F-01