News

POST TYPE

FOREIGN AFFAIRS

အမေရိကန်ကို ICC က တရားစွဲလျှင် တန်ပြန်ပိတ်ဆို့ပစ်မည်ဟု အမေရိကန်သတိပေးချက် ထွက်ပေါ်
10-Sep-2018


(ပုံစာ- အမေရိကန်သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေး ပြောကြားမည့် မိန့်ခွန်းကို Reuters က စုံစမ်းကြည့်ရှုပြီး ရေးသားထားသည့် သတင်းဖြစ်သည်)
ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၁၀

အာဖဂန်နစ္စတန်တွင် အမေရိကန်တပ်များ၏ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ICC ဥပဒေအရာရှိများက စုံစမ်းစစ်ဆေးစွဲချက်တင်လာလျှင် အဆိုပါ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို ပိတ်ဆို့အရေးယူနိုင်သည်အထိ တင်းမာသော ရပ်တည်ချက်တစ်ရပ်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစိုးရက စီစဉ်လျက်ရှိကြောင်း အစိုးရထိပ်သီးအရာရှိကြီး ပြောကြားမည့် မိန့်ခွန်းကို ကြိုတင်ကိုးကားကာ Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

Reuters သတင်းဌာနက အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်တန် ပြောကြားမည့် မိန့်ခွန်းစာသားကို စုံစမ်းကြည်ရှုခဲ့ပြီးနောက် အမေရိကန်၏ အဆိုပါရပ်တည်ချက်ကို ဖော်ထုတ်ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါမိန့်ခွန်းသည် သမ္မတထရမ့်အစိုးရတွင် နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် တာဝန်ယူပြီးနောက် ဂျွန်ဘော်တန်၏ ပထမဆုံးပြောမည့် မိန့်ခွန်းလည်းဖြစ်သည်။

“ဒီလို တရားဥပဒေအရ အရာမဝင်တဲ့ တရားရုံးကနေ ကျွန်တော်တို့ နိုင်ငံသားတွေနဲ့ ကျွန်တော်တို့ မဟာမိတ်တွေကို တရားမမျှတစွာ တရားစွဲဆို အရေးယူခြင်းကို ကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘာမဆိုလုပ်မှာ ဖြစ်ပါတယ်”ဟု အဆိုပါ မပြောရသေးသည့်မိန့်ခွန်းတွင်ပါဝင်ကြောင်း Reuters က ရေးသားထားသည်။

အာဖဂန် စစ်ပွဲအတွင်းက အမေရိကန်စစ်သားများနှင့် ထောက်လှမ်းရေးများလုပ်ငန်း ဆောင်ရွက်ခဲ့ပုံများကို တရားဝင် စုံစမ်းစစ်ဆေးရန် နယ်သာလန်နိုင်ငံ the Hague မြို့အခြေစိုက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC က ဆောင်ရွက်လာပါက ထရမ့်အစိုးရက ပြန်လည်တုံ့ပြန်သွားမည်ဟု အမျိုးသားလုံခြုံရေးအကြံပေး ဘော်တန်က ပြောကြားခဲ့သည်။

“ICC နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ မဟုတ်ပါဘူး”ဟု အဆိုပါမိန့်ခွန်းစာသားများထဲတွင် ပါဝင်ခဲ့သည်။

အကယ်၍ အမေရိကန်စစ်သားများ ဆောင်ရွက်ခဲ့သည့်ကိစ္စကို ဆက်လက် စစ်ဆေးစုံစမ်းမည်ဆိုပါက ထရမ့်အစိုးရသည် ICC ၏ ဥပဒေအရာရှိများ၊ တရားသူကြီးများကို အမေရိကန်ဘက်မှ ပိတ်ပင်မည်ဖြစ်ကာ အမေရိကန်အခြေစိုက်ပေးအပ်သော ရန်ပုံငွေများကိုလည်း ရပ်ဆိုင်းမည်ဟု ဘော်တန်၏မိန့်ခွန်းတွင် ပါဝင်ထားသည်ဟု Reuters က သတင်းရေးထားသည်။

အမေရိကန်များကို ICC သို့ ဖမ်းဆီးပို့ဆောင်ခြင်းများကို အခြားနိုင်ငံများက မလုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံများနှင့် သဘောတူညီချက်များ ဆောင်ရွက်မည်ဟု ၎င်းက အဆိုပါမိန့်ခွန်းစာသားတွင် ထည့်သွင်းထားသည်။

မူးယစ်ဆေးဝါးဂိုဏ်းသားများကို ကြေညာတိုက်ခိုက်နေသည့် စစ်ပွဲကိစ္စ စုံစမ်းလေ့လာသည့် ဥပဒေအရာရှိများကို ဖမ်းပစ်မည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရိုဂို ဒူတာတေးကလည်း ပြီးခဲ့သည့်ဧပြီလက ပြောကြားခဲ့ဖူးသည်။

ယခုလက်ရှိအချိန်တွင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်အသိုင်းအဝိုင်း (၎င်းတို့ကိုယ် ၎င်းတို့အခေါ် ရိုဟင်ဂျာ၊ ပြည်တွင်းမှ အများစုအခေါ် ဘင်္ဂါလီ) အပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်းများ ပြုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များ ပြင်ဆင်နေသည်။

F-02