News

POST TYPE

FOREIGN AFFAIRS

တရုတ်သွင်းကုန်အားလုံးကို အကောက်ခွန်စည်းကြပ်ရန် အသင့်ရှိဟု ထရမ့်သတိပေး
10-Sep-2018


ဝါရှင်တန်၊ စက်တင်ဘာ ၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ အမေရိကန်သို့ သွင်းကုန်အားလုံးလိုလိုကို အကောက်ခွန်စည်းကြပ်ရန် အသင့်ရှိကြောင်း သတိပေးလိုက်ပြီး လာမည့်ရက်ပိုင်းအတွက် အခွန်စတင်စည်းကြပ်တော့မည့် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ သွင်းကုန်များအပြင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလီယံတန်ဖိုးရှိ သွင်းကုန်များကိုပါ စည်းကြပ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

တရုတ်ဘက်က စီးပွားရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ မူဝါဒပိုင်း အကြီးအကျယ်ပြောင်းလဲရန် ဖိအားပေးသည့်အနေနှင့် တရုတ်သွင်းကုန်များအပေါ် စည်းကြပ်မှုမှာ ကုန်သွယ်ရေးစစ်ပွဲအသွင် ဖြစ်လာခဲ့သည်။ တရုတ်ဘက်ကလည်း လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားပြီး သွင်းကုန်စည်းကြပ်မှုအပြင် တရုတ်တွင် အလုပ်လုပ်နေသော အမေရိကန်ကုမ္ပဏီ များအပေါ်ပါ ဖိအားပေးသွားရန် စီစဉ်နေသည်။

စည်းကြပ်မည့် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန်များအရေး အများပြည်သူထင်မြင်ချက် တောင်းခံသည့် ကာလကုန်ဆုံးသွားချိန်တွင် ထရမ့်က သမ္မတလေယာဉ် အဲဖို့စ်ဝမ်းပေါ်၌ သတင်းထောက်များကိုပြောကြားခဲ့ရာတွင် “ တရုတ်အပေါ် တင်းမာဖို့ လိုအပ်လို့ လုပ်ရတာပါ” ဟု ပြောကြားခဲ့သည်။

“ကျုပ်တို့ပြောနေတဲ့ အမေရိကန် ဒေါ်လာ ၂၀၀ ဘီလီယံအပေါ် စည်းကြပ်မှုက ဒါကြောင့် ဘာဖြစ်လာမလဲဆိုတဲ့အပေါ် မူတည်ပြီး မကြာခင်ပဲ စတင်တော့မှာပါ။ အတိုင်းအတာတစ်ခုထိတော့ တရုတ်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်မပြောချင်ပေမယ့် ပြောရမှာက ဆန္ဒရှိရင် နောက်ထပ် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလီယံအပေါ်လည်း စည်းကြပ်ဖို့ ရှိတယ်ဆိုတာပါပဲ။ ဒီလိုဆိုရင် ညီမျှခြင်းက လုံးဝပြောင်းလဲသွားလိမ့်မယ်”ဟု ထရမ့်က ပြောကြားသွားသည်။

ထရမ့်သည် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်မှုကို ပထမဆုံးအဆင့်အဖြစ် ချမှတ်ခဲ့ပြီး ယင်းအထဲတွင် စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းများ ပါဝင်သည်။

ဒေါ်လာ ၂၀၀ ဘီလီယံစာရင်းတွင်မူ ကင်မရာများ၊ အသံဖမ်းပစ္စည်းများ၊ လက်ဆွဲအိတ်များ၊ ခရီးဆောင်အိတ်များ၊ တာယာများ၊ ဖုန်စုပ်စက်များ စသဖြင့် အသုံးအဆောင်ပစ္စည်းများပါဝင်ပြီး အကောက်ခွန် ၁၀ မှ ၂၅ ရာခိုင်နှုန်းအထိ စည်းကြပ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံမှ အမေရိကန်သို့ တင်သွင်းသည့် အကြီးဆုံးသွင်းကုန်ဖြစ်သော ဆဲလ်ဖုန်းများမှာမူ ကင်းလွတ်ခွင့်ရနေဆဲဖြစ်သော်လည်း ထရမ့်ပြောသလို နောက်ထပ် ၂၆၇ ဘီလီယံအပေါ်ပါ စည်းကြပ်မှုထပ်တိုးပါက ပါဝင်လာဖွယ်ရှိသည်။

လက်ကျန်ကုန်စည်များအပေါ်ပါ စည်းကြပ်လိုက်ပါက တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၅၁၇ ဘီလီယံဖိုးအထိ စည်းကြပ်ရာ ရောက်သွားမည်ဖြစ်ပြီး ယင်းမှာ ယမန်နှစ်က တရုတ်မှ အမေရိကန်သို့ တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၅ ဘီလီယံထက်ပင်များပြားမည် ဖြစ်သည်။

F-03