News

POST TYPE

FOREIGN AFFAIRS

ရုရှားတို့သည် အာကာသပေါ်မှတစ်ဆင့် စစ်ဘက်ဆိုင်ရာထောက်လှမ်းမှု ပြုလုပ်နေသည်ဟု ပြင်သစ်စွပ်စွဲ
09-Sep-2018


ဘရပ်ဆယ်၊ စက်တင်ဘာ ၈

ရုရှားနိုင်ငံသည် ပြင်သစ်နှင့် အီတလီ စစ်တပ်များ လုံခြုံစွာဆက်သွယ်ရန်အတွက် အသုံးပြုသော ဖရန်ကို အီတာလျံဂြိုဟ်တု၏ ဆက်သွယ်ပို့လွှတ်မှုများကို ကြားဖြတ်ဖမ်းယူရန် ကြိုးစားခဲ့ပြီး ယင်းလုပ်ရပ်သည် သူလျှိုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ် ပါလီက သောကြာနေ့တွင် ပြောဆိုလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

နေတိုးအစည်းအဝေး၌ လာမည့်နှစ်များအတွက် ပြင်သစ်၏ အာကာသမူဝါဒကို ချပြသောမိန့်ခွန်းတွင် ပါလီကရုရှား ဂြိုဟ်တုလူ့ချ်အိုလင့်သည် အေသီနာဖီးဒပ်စ်ဂြိုဟ်တုအနီးသို့ ၂၀၁၇ ခုနှစ်အတွင်းက ချဉ်းကပ်လာခဲ့သည်ဟု ပြောကြားသည်။

“ဒါဟာ ကျွန်မတို့ရဲ့ ဆက်သွယ်မှုတွေကို ကြားဖြတ်ဖမ်းယူဖို့ ကြိုးစားတဲ့လုပ်ရပ်လို့ ဘယ်သူမဆို ယူဆမှာပဲ။ အိမ်နီးချင်းတွေကို ခိုးနားထောင်ဖို့ ကြိုးစားတာဟာ တစ်စိမ်းဆန်ရုံသာမကဘဲ သူလျှိုလုပ်မှုမြောက်ပါတယ်”ဟု ပါလီက ပြောကြားသည်။

နိုင်ငံခြားရွေးကောက်ပွဲများတွင် ရုရှားက ကြားဝင်စွက်ဖက်ရန် ကြိုးစားသည်ဆိုသော စွပ်စွဲမှုများ၊ အနောက်အုပ်စုနှင့် တင်းမာမှုများဖြစ်ပေါ်နေခြင်းကြောင့် စစ်အေးခေတ်လွန် မော်စကိုနှင့် ဆက်ဆံရေးကို ခေတ်နှင့်အညီ ပြင်ဆင်ထားရန် သမ္မတမက်ခရွန်က အီးယူကိုတိုက်တွန်းခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ပြင်သစ်ကာကွယ်ရေးဝန်ကြီး၏ မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှား၏လုပ်ရပ်သည် စတားဝါးစ် အသေးစားဟုဆိုနိုင်ပြီး အသိမခံနိုင်သော ဆက်သွယ်မှုများ ကြားဖြတ်ဖမ်းယူမှုအား တားဆီးရန်လိုအပ်သောအစီအမံများကို ချက်ချင်းလုပ်ဆောင်ခဲ့ရကြောင်း၊ ထိုနောက်ပိုင်းတွင် ရုရှားလူ့ချ်အိုလင့်ဂြိုဟ်တုသည် အခြားဂြိုဟ်တုများကို ပစ်မှတ်ထားနေကြောင်း ဝန်ကြီးပါလီက ရှင်းလင်းပြောကြားသည်။

“ကျွန်မတို့ တုံ့ပြန်အရေးယူမှုမရှိဘူးဆိုရင် ကျွန်မတို့ရဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ၊ စစ်ရေးလေ့ကျင့်မှုတွေ၊ နေ့စဉ်ဘဝတွေမှာ အန္တရာယ်ကျရောက်လာပါလိမ့်မယ်။ ပဲရစ်ဟာမဟာဗျူဟာမြောက် အာကာသကာကွယ်ရေးအစီအစဉ်ကို ဒီနှစ်ကုန်မှာ အပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်သမ္မတထရမ့် အစိုးရကလည်း ၂၀၂၀ တွင် အာကာသတပ်ဖွဲ့ကို အမေရိကန်စစ်တပ်၏ ခြောက်ခုမြောက်တပ်မဟာအဖြစ် ဖွဲ့စည်းမည့် အစီအစဉ်ကို ဩဂုတ်လကထုတ်ပြန်ကြေညာခဲ့သည်။

အာကာသတပ်ဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ တည်နေရာပြစနစ် GPS ဂြိုဟ်တုများမှသည် ဒုံးပစ်စင် ခြေရာခံစနစ်များအထိပါဝင်သော အာကာသအခြေပြု အမေရိကန်စစ်ဘက်အစီအစဉ်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။

“အမေရိကန် အာကာသတပ်ဖွဲ့ ထူထောင်မယ့် ကြေညာချက်ကို လူအများစုက လှောင်ပြောင်နေကြတယ်လို့ ကျွန်မသိရတယ်။ အဲဒီအထဲမှာ ကျွန်မမပါဘူး။ ကျွန်မအမြင်ကတော့ အနာဂတ်မှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာမယ့် အဆုံးစွန်အင်အားကြီးတဲ့ လက္ခဏာတစ်ရပ်ပဲလို့ ထင်တယ်”ဟု ပါလီက ပြောကြားသည်။

F-04