News

POST TYPE

FOREIGN AFFAIRS

ဂျာမန်မဟုတ်သူများကို နာဇီလက်သစ်တို့ တိုက်ခိုက်နေသည့်သတင်းမှာ ကောလာဟလသာဖြစ်နိုင်ဟု ဂျာမန်ထောက်လှမ်းရေးအကြီးအကဲပြော
09-Sep-2018 tagged as



ချမ်းမနစ်ဇ်၊ စက်တင်ဘာ ၈

ဂျာမနီနိုင်ငံ အရှေ့ပိုင်းချမ်းမနစ်ဇ်မြို့တွင် လက်ယာစွန်းဂျာမန်များက ဂျာမန်လူမျိုးမဟုတ်သူများကို လိုက်လံတိုက်ခိုက်လျက်ရှိသည်ဟူသော သတင်းများနှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေအထောက်အထားများ မတွေ့ရဟု ဂျာမန်ထောက်လှမ်းရေးအကြီးအကဲက သတိပေးပြောကြားလိုက်ကြောင်း ဂျာမန်ဘာသာဖြင့်ထုတ်ဝေသော Bild သတင်းစာက ရေးသားဖော်ပြသည်။ 

ချမ်းမနစ်ဇ်မြို့တွင် ဂျာမန်လူမျိုးလက်သမားတစ်ဦး (အသက် ၃၀ ဝန်းကျင်) မကြာသေးခင်က ဓားထိုးတိုက်ခိုက်သတ်ဖြတ်ခံလိုက်ရပြီးနောက် လက်ယာစွန်း မျိုးချစ်အင်အားစုများက အဓိပတိအန်ဂလာမာကယ်လ် ဦးဆောင်သော အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ပြစ်တင်ခဲ့ကြသလိုဂျာမနီထဲသို့ အရှေ့အလယ်ပိုင်းဒေသမှ ရွှေ့ပြောင်းအခြေချသူများဝင်ရောက်မှုကို ပိတ်ပင်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

လက်ယာစွန်းအင်အားစုများ ချင်းမနစ်ဇ်မြို့၌ ဆန္ဒပြခဲ့စဉ် ရွှေ့ပြောင်းအခြေချသူများဝင်ရောက်မှုကို လက်ခံကြိုဆိုသည့် အင်အားစုများ တန်ပြန်ဆန္ဒပြခဲ့ရာ ပဋိပက္ခများဖြစ်ပွားခဲ့သည်။ 

ထို့အတူ နာဇီလက်သစ်ဟု သမုတ်ခံရသော လက်ယာစွန်းအင်အားစုများသည် ဂျာမန်လူမျိုးမဟုတ်သည့် အခြားလူမျိုးခြားများကို လိုက်လံတိုက်ခိုက်ခဲ့သည်ဟူသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ 

“ချမ်းမနစ်ဇ်မှာ လက်ယာစွန်းတွေက နိုင်ငံခြားသားတွေကို လိုက်ရှာပြီး တိုက်ခိုက်နေပါတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်သံသယရှိတယ်” ဟု ဂျာမန်ပြည်တွင်းထောက်လှမ်းရေး အေဂျင်စီအကြီးအကဲ ဟန်းဇ်ဂေါ့ရှ်မာဆန်က Bild သတင်းစာသို့ ပြောကြားသည်။ 

အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် လက်ယာစွန်းဆန္ဒပြသူများက ဂျာမန်ပုံမပေါက်သောသူများကို လိုက်လံတိုက်ခိုက်နေပုံများ ပါဝင်သည့် ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လျက်ရှိသည်။ 

ယင်းဗီဒီယိုဖိုင်နှင့်ပတ်သက်၍ ဟန်းဇ်ဂေါ့ရှ်မာဆန်က “အဲဒီဗီဒီယိုဖိုင်ကအစစ်အမှန်ဖြစ်ပါတယ်၊ တကယ့်ဖြစ်ရပ်ကို ရိုက်ကူးထားတာပါလို့ သက်သေခံနိုင်မယ့် အထောက်အထားတစ်ခုမှ ရှာမတွေ့ပါဘူး” ဟု ပြောကြားသည်။ 

“ဒါဟာ သတင်းမှားတွေကို တမင်တကာဖြန့်နေတဲ့ကိစ္စပဲလို့ ယုံလို့ရနိုင်တဲ့ အနေအထားမှာရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ထိုသို့ ဂျာမန်မဟုတ်သူများကို တိုက်ခိုက်နေသည့် သတင်းများ၊ လိုက်လံတိုက်ခိုက်နေသည်ဟု ဖော်ပြထားသည့် ဗီဒီယိုဖိုင် အစရှိသည်တို့နှင့်ပတ်သက်၍ ယုံကြည်လောက်သော သတင်းအချက်အလက်များကို ဂျာမန်ထောက်လှမ်းရေးအဖွဲ့ (BfV) အနေနှင့် ရရှိထားခြင်းမရှိကြောင်း ၎င်းကဆိုသည်။ 

ဟန်းဇ်ဂေါ့ရှ်မာဆန်သည် ရွှေ့ပြောင်းအခြေချသူများကို ဆန့်ကျင်နေသည့် လက်ယာစွန်းပါတီဖြစ်သော AfD မှ နိုင်ငံရေးသမားများနှင့် မကြာသေးခင်က တွေ့ဆုံခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံထားရသည်။ 

F-01

  • TAGS