News

POST TYPE

FOREIGN AFFAIRS

လိင်တူချစ်သူအမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်ပေးမှုအပေါ် မဟာသီယာ ပြင်းထန်စွာဝေဖန်၊ အစ္စလာမ်အပေါ် အဆိုးမြင်စေနိုင်ဟု သတိပေး


ကွာလာလမ်ပူ၊ စက်တင်ဘာ ၆

မကြာသေးခင်ရက်ပိုင်းက မလေးရှားနိုင်ငံတွင် လိင်တူဆက်ဆံရန်ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံရသော အမျိုးသမီးနှစ်ဦးကို ရှရီယာဘာသာရေးခုံရုံးက ရက်စက်စွာ ကြိမ်ဒဏ်ပြစ်ဒဏ်ပေးခဲ့မှုနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ပြောကြားလိုက်ပြီး ၎င်းတို့ကို ကြိမ်ဒဏ်အစား မေတ္တာကရုဏာနှင့် လမ်းညွှန်မှုတို့ ပေးသင့်သည်ဟု သုံးသပ်လိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

လိင်တူချင်းဆက်ဆံရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံရသည့် အဆိုပါအမျိုးသမီးနှစ်ဦးကို အစ္စလာမ်ဘာသာရေးခုံရုံး (ရှာရီယာခုံရုံး) က တနင်္လာနေ့က အများပြည်သူ ရှေ့မှောက်တွင် ကြိမ်ဒဏ်ခြောက်ချက်စီ ပြစ်ဒဏ်ပေးခဲ့ရာ လူရာနှင့်ချီ၍လာရောက် ကြည့်ရှုခဲ့ကြသည်။ 

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ မဟာသီယာက ယင်းသို့သော ပြစ်ဒဏ်ချမှတ်ခြင်းသည် အစ္စလာမ်ဘာသာတရားအပေါ် ဆိုးဝါးသည့်အမြင်များကိုသာ ဖြစ်ပေါ်စေသည်ဟု မိမိတို့အစိုးရက ရှုမြင်ကြောင်း ဒေါက်တာမဟာသီယာ မိုဟာမက်က ဆိုသည်။ 

ကြိမ်ဒဏ်ပေးသည့် လုပ်ရပ်သည် သမာသမတ်ကျမှုနှင့် ဘာသာရေးတစ်ခု၏အနှစ်သာရတို့ကို မဖော်ကျူးနိုင်ကြောင်း ၎င်းက သုံးသပ်သည်။ 

“အဲဒီ အမျိုးသမီးနှစ်ယောက်ရဲ့အမှုကို ကျွန်တော်တို့အစိုးရအဖွဲ့က ဆွေးနွေးခဲ့ကြတယ်။ သူတို့ကို အဲဒီလို ပြစ်ဒဏ်ပေးတာဟာ အစ္စလာမ်ဘာသာတရားရဲ့ မေတ္တာကရုဏာနဲ့ တရားမျှတမှုတို့ကို မထင်ဟပ်ဘူးလို့ မြင်တယ်”ဟု ဒေါက်တာမဟာသီယာ မိုဟာမက်က ပြောကြားသည်။ 

“ဒါဟာ သူတို့အတွက် ပထမဆုံးအမှုဖြစ်တယ်၊ သူတို့တွေကို အကြံဉာဏ်ကောင်းတွေပေးရမှာ။ ပြစ်ဒဏ်ပေးရမှာ မဟုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

“ကျွန်တော်တို့အစိုးရရဲ့အမြင်ကတော့ အဲဒီလိုအမှုမျိုးတွေကို အစ္စလာမ်ဘာသာတရားရဲ့အောက်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ပြစ်ဒဏ်ဆိုရင်လည်း အသက်သာဆုံးဖြစ်မယ့် ပြစ်ဒဏ်မျိုးပေးပြီး တစ်ဖက်မှာ နှစ်သိမ့်ဆွေးနွေး အကြံပေးတာမျိုးတွေ လုပ်ပေးဖို့လိုတယ်လို့ မြင်တယ်”ဟု ပြောဆိုသွားသည်။ 

ဒေါက်တာမဟာသီယာက “အဓိက ပြောချင်တာက အစ္စလာမ်ဟာ ကြီးမားတဲ့ ပြစ်ဒဏ်တွေပေးပြီး လူတွေကို အရှက်ရစေတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ ဘာသာတရား မဟုတ်ဘူးဆိုတဲ့အချက်ကို ကျွန်တော်တို့ ပြသဖို့ လိုအပ်တယ်ဆိုတာပါ”ဟု ဆက်လက်ပြောကြားသည်။

လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသူ အမျိုးသမီးနှစ်ဦးကို ကြိမ်ဒဏ်ပေးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးအုပ်စုများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။ 

အဆိုပါကြိမ်ဒဏ်သည် မလေးရှားနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းတွင် စိတ်ပျက်ဖွယ်နေ့ရက်အဖြစ် ထပ်ဟပ်စေကာ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော လုပ်ရပ်အဖြစ် သတ်မှတ်ရှုတ်ချပါကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

သို့သော် မွတ်ဆလင်ရှေ့နေများ အသင်းကမူ ယင်းကြိမ်ဒဏ်သည် ပြင်းထန်သည့် နာကျင်မှုမရှိဘဲ လိင်တူချစ်သည့် အမျိုးသမီးများအား အသိတရားရရှိစေရန်သာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုထားသည်။ 

F-01