News

POST TYPE

FOREIGN AFFAIRS

မြန်မာနှင့် ဟန်ဂေရီ ပူးပေါင်း၍ လျှပ်စစ်ကား ထုတ်လုပ်မည်
07-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၆

မြန်မာနှင့် ဟန်ဂေရီနိုင်ငံတို့ ပူးပေါင်း၍ လျှပ်စစ်ကားများကို ထုတ်လုပ်မည်ဟု စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်တင်ဘာ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် သုံးသပ်ချက်အစီရင်ခံစာ (၉/၂၀၁၈) နှင့် ပတ်သက်၍ လာရောက်ရှင်းလင်းရာတွင် စက်မှုဝန်ကြီးဌာနဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းလျှပ်စစ်ကားများကို ဟန်ဂေရီနိုင်ငံမှ နည်းပညာဖြင့် ပတ်ဝန်းကျင် ထိခိုက်စေသော အခိုးငွေ့ထုတ်လုပ်မှုလုံးဝမရှိဘဲ သာဂရ စက်မှုနယ်မြေရှိစက်ရုံများမှ ထုတ်လုပ်နိုင်ရန် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်ကားများပြည်တွင်း၌ ပြေးဆွဲရာတွင် Charging Station (ဓာတ်အား သွင်းရန်နေရာ) များကို ဆိုလာနှင့် အခြားနည်းပညာသုံးအားသွင်းရန် နေရာများကို ရန်ကုန်မြို့အပါအဝင် အဝေးပြေးလမ်းမကြီးများတွင် တည်ဆောက်သွားနိုင်ရေး စီစဉ်နေကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။

လျှပ်စစ်ဘတ်စ်ကားများကို အသုံးပြုခြင်းဖြင့် ကာဘွန်ထုတ်လုပ်မှု လုံးဝမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်း၍ နိုင်ငံကမ္ဘာကြီးအတွက်ပါများစွာ အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်းဝန်ကြီးက ပြောဆိုသည်။

ယင်းအပြင် အမှတ် ၁၅ အကြီးစား စက်ရုံမှ စက်ကိရိယာများကို အသုံးပြု၍ ပညာရှင်များနှင့် ပူးပေါင်းကာ လိုအပ်သည့် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူထုတ်လုပ်နိုင်ခဲ့ပြီး ဈေးကွက်လိုအပ်ချက်အရ လူနာတင်ယာဉ်များကို တင်ဒါစနစ်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ အပ်နှံပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိကဆေးရုံများ၏ အမှာစာလက်ခံရရှိနေသောကြောင့် နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ရောင်းချနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုဝန်ကြီးဌာနတွင် စက်ရုံပေါင်း ၁၁၃ ရုံရှိသည့်အနက် စက်ရုံ ၅၇ ရုံကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ကျန် ၅၆ ရုံမှ ၂၄ ရုံကို အရှုံးပေါ်သဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ယာယီရပ်နားထားခဲ့ခြင်း ဖြစ်သော်လည်း ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ယင်းရပ်နားထားသော စက်ရုံများကိုလည်း Public Private Partnership (PPP) စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ 

S-01


  • VIA