News

POST TYPE

FOREIGN AFFAIRS

ဂျာမနီတွင် အမျိုးသားရေးအစွန်းရောက်အင်အားစုများကို ချိန်ခွင်လျှာညှိရန် လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုတစ်ရပ် စတင်
06-Sep-2018


ဘာလင်၊ စက်တင်ဘာ ၅

ဂျာမနီနိုင်ငံတွင် ရွှေ့ပြောင်းအခြေချသူများနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများအပေါ် မကျေနပ်မှုများကြောင့် ခေါင်းထောင်လာသည့် လက်ယာစွန်းအမျိုးသားရေးအင်အားစုများကို တန်ပြန်ထိန်းညှိရန်နှင့် လက်ယာစွန်းဝါဒီများဘက်သို့ ရောက်သွားသောမဲဆန္ဒရှင်ပြည်သူများကို ပြန်လည်စည်းရုံးနိုင်ရန် လက်ဝဲနိုင်ငံရေးသမားများက ပါတီစုံလက်ဝဲနို င်ငံရေးလှုပ်ရှားမှုတစ်ရပ်ကို စတင်အကောင်အထည်ဖော်လိုက်ပြီဖြစ်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဒုတိယကမ္ဘာစစ်အတွင်း တန်ခိုးထွားခဲ့သည့်အာဏာရှင်ခေါင်းဆောင် ဟစ်တလာ၏ နာဇီပါတီကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းတွင် နာမည်ပျက်ခဲ့ရသည့် ဂျာမနီတွင် လက်ယာစွန်းနိုင်ငံရေးအယူအဆ ပြန်လည်ခေါင်းထောင်လာမည့်အရေးကို ပြည်သူအများစုက စိုးရိမ်ထိတ်လန့်ကြသည်။ 

သို့သော် အဓိပတိ အန်ဂလာမာကယ်လ်ဦးဆောင်သော ဂျာမန်အစိုးရက ၂၀၁၅ ခုနှစ်မှစတင်ကာ အရှေ့အလယ်ပိုင်းဒေသမှ ဒုက္ခသည်အမြောက်အမြား (မွတ်ဆလင်အများစု) ကို လက်ခံခဲ့ပြီးနောက် ရွှေ့ပြောင်းအခြေချသူများနှင့်ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်ခဲ့ရာဂျာမန် ပြည်သူအချို့က လက်ယာစွန်းနိုင်ငံရေး အယူအဆကို လက်ခံလာသလို ဗီ်ကဲ့သို့ အမျိုးသားရေးကို ဇောင်းပေးသည့်ပါတီမျိုး လည်း လွှတ်တော်တွင် နေရာရရှိလာသည်။ 

ယင်းဖြစ်ရပ်များကို စိုးရိမ်မိလာသည့် နိုင်ငံရေးသမားများ စုပေါင်းကာ ပါတီစုံ လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုဖြင့် တန်ပြန်ချိန်ညှိရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ 

၎င်းတို့က ဝင်ငွေနိမ့်ပါးသူ (ဆင်းရဲသား) များ၏ အပူသောကများကို ဖြေရှင်းပေးခြင်းဖြင့် အလုပ်သမားလူတန်းစား မဲဆန္ဒရှင်တို့ထံမှ မဲပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သနိဋ္ဌာန်ပြုပြောဆိုသည်။ ဂျာမန်အလုပ်သမားလူတန်းစားများသည် ယခုနှစ်ပိုင်းအတွင်း နိုင်ငံခြားသားများ (လူမျိုးခြားများ) ဝင်ရောက်မှုကို ကြောက်ရွံ့ခြင်းကြောင့် လက်ယာစွန်းနိုင်ငံရေးအင်အားစုများ၏ စည်းရုံးမှုအောက်သို့ ရောက်သွားသည်ဟု ၎င်းတို့ကဆိုသည်။ 

“မားမားမတ်မတ်ရပ်သည့် မဟာမိတ်များ” ဟူသော ခေါင်းစဉ်ဖြင့် လက်ဝဲနိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်ကို လက်ဝဲယိမ်းဒီလင်ကာပါတီမှ ဆိုရှယ်လစ်ခေါင်းဆောင် ဆာရာဗာဂန်နစ်ရှ်နှင့် အခြားသောလက်ဝဲ နိုင်ငံရေးသမားများက ဦးဆောင်မည်ဖြစ်သည်။ ဂျာမနီအရှေ့ပိုင်း ချမ်းမနစ်ဇ်မြို့တွင် ပေါ်ပေါက်ခဲ့သော ဒေသခံမဟုတ်သူ နိုင်ငံခြားသားများအပေါ် အစွန်းရောက်မျိုးချစ်တို့၏ တိုက်ခိုက်မှုများနှင့် အန်ဂလာမာကယ်လ်ကို ဆန့်ကျင်မှုများသည် ဂျာမနီနိုင်ငံအတွက် အရှက်ရစေသည်ဟု ၎င်းတို့ကဆိုသည်။ 

“Pegidae နဲ့ လက်ယာစွန်းအင်အားစုတွေက ဂျာမနီလမ်းမတွေကို အပိုင်စီးပြီး ဆန္ဒပြနေကြတာတွေကိုကြည့်ရတာ ကျွန်မ အင်မတန်စိတ်ပျက်မိတယ်”ဟု ဆာရာဗာ ဂန်နစ်ရှ်က ပါတီစုံလက်ဝဲနိုင်ငံရေးလှုပ်ရှားမှု စတင်မှုအတွက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ Pegidae ဟူသည်မှာ မွတ်ဆလင်ဆန့်ကျင်ရေး ဂျာမန်နိုင်ငံရေးအင်အားစုများ ဖြစ်သည်။ 

ယခုလို လက်ဝဲယိမ်းနိုင်ငံရေးလှုပ်ရှားမှုစတင်မည့်ကိစ္စကို လူမှုကွန်ရက်ပေါ်တွင် ကြေညာခဲ့ရာသီတင်းပတ်အနည်းငယ်အတွင်း Follower တစ်သိန်းကျော်ရရှိခဲ့သည်ဟု သူမက ပြောကြားသွားသည်။ လက်ယာစွန်းလှုပ်ရှားမှု ခေါင်းထောင်လာသည့် ချင်းမနစ်ဇ်မြို့မှာ ယခင်ဘာလင် တံတိုင်းမပြိုကွဲခင်က ကွန်မြူနစ်တို့ကြီးစိုးသော အရှေ့ဂျာမနီထဲတွင်ရှိခဲ့သည်။ 

ယခုလက်ဝဲနိုင်ငံရေးလှုပ်ရှားမှုကို လူပြိန်းကြိုက်လှုံ့ဆော်မှုပုံစံသစ်ဖြင့် စတင်သွားမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် လက်ဝဲယိမ်းဆီနိတ်တာဘာနီဆန်း ဒါးစ်၏ လှုပ်ရှားမှုဖြင့် ခိုင်းနှုင်းခြင်းခံရကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

F-01