News

POST TYPE

FOREIGN AFFAIRS

ဩစတြေးလျနိုင်ငံတွင် ကွယ်လွန်ခါနီးလူနာ၏ နောက်ဆုံးဆန္ဒအတိုင်း ရေခဲမုန့်ဝယ်ကျွေးခဲ့သည့် လူနာတင်ယာဉ် ဆေးအကူလုပ်သားများ ချီးကျူးခံရ
06-Sep-2018



ကန်ဘာရာ၊ စက်တင်ဘာ ၅

ဩစတြေးလျတွင် သေလုမျောပါးဖြစ်နေသည့်လူနာ၏ ဆေးရုံသို့ နောက်ဆုံးခရီးတွင် လူနာ၏ဆန္ဒအတိုင်း ရေခဲမုန့်ဝယ်ကျွေးခဲ့သည့် ဩစတြေးလျ လူနာတင်ယာဉ် ဆေးအကူလုပ်သားများ ချီးကျူးခံနေရကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

ယင်းဖြစ်စဉ်မှာ ပြီးခဲ့သည့်အပတ်ကတည်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်းယခု တစ်ပတ်တွင်မှ ကွင်းစလန်လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်နင်း (QAS) ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှက်တွင် မျှဝေခဲ့ခြင်းဖြစ်သည်။

အသက် ၇၂ နှစ်အရွယ်ရှိ ရွန်မက္ကာတနေသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစာသိပ်မဝင်တော့ကြောင်းသိရှိခဲ့ရအပြီးတွင် ဆေးအကူဝန်ထမ်းများက လူနာစားချင်သည့်အရာကို ဝယ်ကျွေးခဲ့ခြင်းဖြစ်သည်။

“ဆေးအကူလုပ်သားတွေက ရွန်ကိုမေးတယ်၊ ခင်ဗျားစားလို့ရတာ တစ်ခုခုရှိလား၊ ဘာစားချင်သလဲ” ဟု အဆိုပါ ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ရေးသားခဲ့သည်။

ရွန်မက္ကာတနေက သကာအုပ် သီးစုံရေခဲမုန့် (caramel sundae) စားချင်သည်ဟု ဖြေကြားခဲ့သည်ဟုဆိုသည်။

ယင်းသို့ကူညီခဲ့ခြင်းအတွက် မက္ကာတနေ ကွယ်လွန်ပြီးနောက်တွင် ဇနီးသည် ရှရွန်ထံမှ ကျေးဇူးတင်ကြောင်း သတင်းစကားရရှိခဲ့သည့်အတွက် ကျေနပ်မိသလို စိတ်မကောင်းဖြစ်ရကြောင်း လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။

လူနာ၏ သမီးဖြစ်သူ ဒန်နီယဲလ်စမစ်က ဖခင်သည် စနေနေ့က ဆုံးပါးတော့မည့်လူနာများ စောင့်ရှောက်သည့်အဆောင်တွင် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ပန်ကရိယာကင်ဆာကို ၁၇ နှစ်ကြာ ဝေဒနာခံစားခဲ့ရသည့်ဖခင်အပေါ် လူနာတင်ယာဉ်ဝန်ဆောင်မှုက ပြုစုပေးမှုအတွက် အထူးကျေးဇူးတင်ကြောင်း ဒန်နီယဲလ်စမစ်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

“အဖေက အားပါးတရကို စားခဲ့တာပါ။ ဒါဟာ သူ့ဘာသူစားနိုင်တဲ့ နောက်ဆုံးအစားအစာပါပဲ။ QAS ရဲ့ အကူအညီအားလုံးနဲ့ စေတနာထားမှုတွေအတွက် ဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိပါဘူး” ဟု ဒန်နီယဲလ်စမစ်က ရေးသားခဲ့သည်။

ကွင်းစလန်ပြည်နယ် လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်းသည် ပြီးခဲ့သည့် နှစ်ကလည်း လူနာတစ်ဦး၏ နောက်ဆုံးဆန္ဒဖြစ်သောကမ်းခြေသို့ သွားရောက်လည်ပတ်ချင်မှုကို ဖြည့်ဆည်းပေးခဲ့သည့်အတွက် ချီးကျူးခံရဖူးသည်။

F-03