News

POST TYPE

FOREIGN AFFAIRS

ဖျက်အားပြင်းတိုက်ဖုန်းမုန်တိုင်းကြောင့် အိုဆာကာနှင့် ကျိုတိုအပါအဝင် ဂျပန်အနောက်ပိုင်းဒေသများ၌ ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်
06-Sep-2018



တိုကျို၊ စက်တင်ဘာ ၅

ဂျပန်နိုင်ငံသို့ နှစ်ပေါင်း ၂၅ နှစ်တာအတွင်း အင်အားအပြင်းဆုံးအဆင့်ဖြင့် ဝင်ရောက်တိုက်ခတ်သွားခဲ့သည် ဂျီဘီတိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့သလို ပျက်စီးဆုံးရှုံးမှုများလည်း အမြောက်အမြားရှိခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်သတင်းဌာနများ၏ ရေးသားဖော်ပြချက်အရ ဂျီဘီတိုင်ဖုန်းသည် ဂျပန်အနောက်ဘက်ဒေသတစ်လျှောက် ဝင်ခဲ့ရာ မြို့ကြီးများဖြစ်သော ကျိုတိုနှင့် အိုဆာကာတို့တွင် ထိခိုက်ပျက်စီးမှု မြောက်မြားစွာရှိခဲ့သည်။ 

လေကြောင်းခရီးစဉ်များ၊ ရထားနှင့် ဖယ်ရီရေယာဉ်ခရီးစဉ်များအားလုံးကို ဖျက်သိမ်းပစ်ခဲ့ရပြီး အိုဆာကာနိုင်ငံတကာ လေဆိပ်တွင် ခရီးသည်များ သောင်တင်လျက်ရှိသည်။ သို့သော် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ယင်းအိုဆာကာလေဆိပ်၌ သောင်တင်နေသူများကို အခြားပြည်တွင်းလေဆိပ်တစ်ခုသို့ အာဏာပိုင်များကပို့ဆောင်ပေးခဲ့ကြသည်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၅ မိုင်ခန့်ရှိပြီး ပြည်သူများအနေနှင့် မြေပြိုမှုနှင့် ရေကြီးမှုအန္တရာယ်များကို အထူးသတိပြုကြရန် အစိုးရကသတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

အိုဆာကာမြို့ ကန်ဆိုင်းနိုင်ငံတကာ လေဆိပ်မှာ ကျွန်းတုတစ်ခုပေါ်တွင်တည် ဆောက်ထားခြင်းဖြစ်ပြီး လေဆိပ်တွင် သောင်တင်နေသူ ခရီးသည် ၃၀၀၀ ခန့်ကို အာဏာပိုင်များက ဖယ်ရီမော်တော်ရေယာဉ်များဖြင့် ကယ်ထုတ်ပေးခဲ့ကြခြင်းဖြစ်သည်။ ယင်းလေဆိပ်ရှိရာကျွန်းသို့ ဆက်သွယ်သည့် တံတားပေါ်သို့ ဧရာမ တိုင်ကီကြီးတစ်ခု ပြုတ်ကျထားရာ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိသည်ဟု ဂျပန်အာဏာပိုင်များက ပြောကြားသည်။

ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဒါဆူဂါ၏အဆိုအရ မုန်တိုင်းကြောင့် လူပေါင်း ၃၀၀ ခန့် ဒဏ်ရာရရှိသွားခဲ့သည်။ 

ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် ကယ်ဆယ်ရေးအာဏာပိုင်အဖွဲ့က လူပေါင်း ၁ ဒသမ ၂ သန်းခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်သည်။ မီးသတ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအေဂျင်စီအဆိုအရ မုန်တိုင်းဝင်ရောက်တိုက်ခတ်သည့်နေရာဒေသများရှိ ပြည်သူ ၃၀၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အခိုင်အမာတိုက်တွန်းထားသည်။ သို့သော် ဥပဒေကြောင်းအရ မဖြစ်မနေရွှေ့ပြောင်းရမည်ဟူသော အမိန့်မျိုး ထုတ်ပြန်ထားခြင်း မရှိသေးပေ။ 

လူမှုကွန်ရက်များတွင်မူ မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုအား ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်အမြောက်အမြားကို တွေ့ရှိရသည်။ ဂျပန်ပြည်သူအများစုက ဤမျှ လောက် ဖျက်အားပြင်းသည့်မုန်တိုင်းမျိုး မကြုံဖူးသေးကြောင်း ရေးသားဖော်ပြကြသည်ကိုလည်း တွေ့ရကြောင်း Japan Times သတင်းစာက ဖော်ပြသည်။ 

ပြည်တွင်း NHK ရုပ်သံကမူ မုန်တိုင်းကြောင့် အိမ်ခေါင်မိုးများ စက္ကန့်ပိုင်းအတွင်း ကျွတ်ထွက်သွားပုံများနှင့် မော်တော်ကားများ အစုလိုက်အပြုံလိုက် ထပ်နေပုံများကို ဆက်တိုက်ဖော်ပြသည်။ အိုဆာကာမြို့လယ်ရှိ မီတာ ၁၀၀ ခန့်မြင့်သော ချားရဟတ်ကြီးတစ်ခု မုန်တိုင်းအရှိန်ကြောင့် အလိုအလျောက် လည်နေပုံကိုရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်များတွင် ရေပန်းစားလျက်ရှိသည်။ 

ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်မှုမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပင်ဖြစ်သော်လည်း ယခုမုန်တိုင်းသည် အင်အားအလွန်ပြင်းလွန်းသောကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ပေါ်ပေါက်ခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။

F-01