News

POST TYPE

FOREIGN AFFAIRS

ဆီးရီးယား အီဒလစ်ဘ်တွင် ရုရှားလေကြောင်းတိုက်ခိုက်မှု သေဆုံးသူများတွင် ကလေးများပါဝင်
05-Sep-2018


ဒမတ်စကတ်၊ စက်တင်ဘာ ၅

ဆီးရီးယားနိုင်ငံအတွင်း သူပုန်တို့၏ နောက်ဆုံးခြေကုတ်နယ်မြေဖြစ်သော အီဒလစ်ဘ်တွင် အာဆတ်အစိုးရ စစ်တပ်၏ ထိုးစစ် စတင်တော့မည်ဟု ခန့်မှန်းမှုများ မြင့်တက်နေပြီး အင်္ဂါနေ့က ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သော အရပ် သားကိုးဦးထဲတွင် ကလေးများလည်း ပါဝင်သည်ဟု အကဲခတ်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သူပုန်များကို ပံ့ပိုးအားပေးသူ တူရကီနိုင်ငံက အီဒလစ်ဘ်ထိုးစစ်ကို ရှောင်လွှဲနိုင်ရေးအတွက် အာဆတ်အစိုးရ၏ မဟာမိတ် ရုရှားနိုင်ငံနှင့် အကြိမ်ကြိမ် ဆွေးနွေးနေသော်လည်း သူပုန်ဇုန်အနီးတွင် အစိုးရတပ်များ စုဖွဲ့ထားပြီဖြစ်သည်။

အာဆတ်အစိုးရ၏ အင်အားကုန်သုံးမည့် ထိုးစစ်သည် အနောက်မြောက် အီဒလစ်ဘ်ဒေသတွင် နေထိုင်သူ ၂ ဒသမ ၅ သန်းခန့်ကို ထိခိုက်ပျက်စီးစေမည်ဖြစ်ပြီး ၎င်းတို့အများစုသည် အစိုးရလက်အောက်သို့ ပြန်လည်ကျရောက်သွားသော နယ်မြေများမှ ထွက်ခွာလာသူများဖြစ်သည်။

အီဒလစ်ဘ်တွင် သွေးမြေကျမှုကို ရှောင်လွှဲနိုင်ရန်အတွက် ရုရှားသမ္မတပူတင်နှင့် တူရကီသမ္မတ အာဒိုဂန်တို့အကြား နောက်ထပ် ဆွေးနွေးမှုများပြုလုပ်ရန် ကုလသမဂ္ဂက အင်္ဂါနေ့တွင် တိုက်တွန်းထားသည်။

အီဒလစ်ဘ်တွင် ၂၂ ရက်ကြာ ရပ်ဆိုင်းထားသော ရုရှားစစ်လေယာဉ်များ၏ တိုက်ခိုက်မှုများ ပြန်စနေပြီဟု ဆီးရီးယား လူ့အခွင့်အရေး အကဲခတ်အုပ်စုက ပြောကြားလိုက်ပြီးနောက် ကုလသမဂ္ဂ၏ မေတ္တာရပ်ခံမှု ပေါ်ထွက်လာခြင်းဖြစ်သည်။

ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားကိုးဦး သေဆုံးခဲ့ကြောင်းနှင့် မိသားစုတစ်စုတည်းမှ ကလေးငါးဦးပါဝင်ခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အကဲခတ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။

သူပုန်များက လာတာကီယာပြည်နယ်အနီးရှိ အစိုးရတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရုရှားလေယာဉ်များက နေရာ ၂၄ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု အကဲခတ်အုပ်စုမှ အဗ္ဗဒယ်ရာမန်က ပြောကြားထားသည်။

ဗုံးကြဲခံရသော ပစ်မှတ်များထဲတွင် ဂျီဟတ် ဟာယက်တာရစ်အယ်လ်ရှမ် ညွှန့်ပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားသော နယ်မြေများနှင့် တူရကီ ထောက်ခံအားပေးသော ပြိုင်ဘက်သူပုန်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများလည်း ပါဝင်သည်။

အီဒလစ်ဘ် အနောက်တောင်ပိုင်းရှိ မူဟမ်ဘယ်လ်မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်သွားသော ဓာတ်ဆီဆိုင်ကို မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ရသည်။

အီဒလစ်ဘ်ကို ၂၀၁၅ တွင် သူပုန်များက အစိုးရတပ်များလက်မှ သိမ်းယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အစိုးရစစ်တပ်က တစ်လကျော်ခန့် အင်အားစုဖွဲ့ ဖြန့်ကြက်ထားကာ ရုရှားကလည်း ခြိမ်းခြောက်ပြောဆိုမှုများကို အရှိန်မြှင့် ပြုလုပ်နေသည်။

“ဆီးရီးယားစစ်တပ်က ဒီပြဿနာကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်တို့ သိရှိထားပါတယ်”ဟု ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီစကော့ဖ်က ပြောကြားသည်။

F-04