News

POST TYPE

FOREIGN AFFAIRS

အမေရိကန်နှင့် ကုန်သွယ်ရေးစစ် ဖြစ်နေသော်လည်း ပြုပြင်ပြောင်းလဲရေး ကတိကဝတ်ကို ရှီကျင့်ဖျင် ထပ်မံပြောကြား
ဘေဂျင်း၊ စက်တင်ဘာ ၎

ဝါရှင်တန်နှင့် ကုန်သွယ်ရေးစစ်ဖြစ်နေသည့်အချိန်တွင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းကမ္ဘာ့စီးပွားရေးကိုတည်ဆောက်ရန်အတွက် ဘက်အားလုံးနှင့်အတူ လုပ်ကိုင်သွားလိုသည်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အမေရိကထံမှ နည်းပညာလွှဲပြောင်းမှုများရရှိရေးကို ဖိအားပေးထားမှုကြောင့် ကုန်သွယ်ရေးဟန်ချက်မညီမှုဖြစ်ခဲ့ခြင်းကို ထရမ့်အစိုးရက ကိုင်တွယ်ရန် ကြိုးစားလာခဲ့ပြီးနောက် ဝါရှင်တန်နှင့် ဘေဂျင်းသည် တစ်ဖက်နှင့်တစ်ဖက် ပို့ကုန်များကို အပြန်အလှန် အခွန်ချမှတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဘေဂျင်းက ဝါရှင်တန်သည် ကိုယ်ကျိုးစီးပွား ကာကွယ်မှုနှင့် တစ်ဖက်သတ် အစီအစဉ်များကို လုပ်ဆောင်နေသည်ဟု စွပ်စွဲခဲ့ပြီး တရုတ်နိုင်ငံအနေနှင့် နိုင်ငံခြားကုမ္ပဏီများအတွက် မျှတသော၊ ပွင့်လင်းမြင်သာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ စီးပွားရေးပွင့်လင်းမှုကို ထိန်းသိမ်းသွားမည်ဟု ပြောကြားသည်။

တရုတ်-အာဖရိက ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် ဘေဂျင်း၌တွေ့ဆုံရာတွင် ရှီကျင့်ဖျင်က အမေရိကနှင့် ကုန်သွယ်ရေးတင်းမာမှု များကို တိုက်ရိုက်ရည်ညွှန်းခြင်းမပြုသော်လည်း ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် တစ်ဖက်သတ်အစီအစဉ်များသို့ ဦးတည်နေသည်ဟု ပြောကြားခဲ့သည်။

“အပြည့်အဝ နက်နက်နဲနဲ ပြုပြင်ပြောင်းလဲမယ့် တရုတ်ရဲ့ ပိုင်းဖြတ်မှုဟာ အပြောင်းအလဲမရှိပါဘူး။ တရုတ်နိုင်ငံဟာ ကုန်သွယ်ရေးလွတ်လပ်မှု၊ လွယ်ကူချောမွေ့မှုနဲ့ ပွင့်လင်းတဲ့ ကမ္ဘာ့စီးပွားရေးတို့ကို တည်ဆောက်ဖို့အတွက် ဘက်အားလုံးနဲ့ အတူလုပ်ဆောင်သွားနိုင်မယ့် လက်တွေ့လုပ်ဆောင်မှုတွေကို လိုလားပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြားသည်။

အမေရိကန်နှင့် တရုတ်တာဝန်ရှိသူများအကြား ယခင်လက နှစ်ရက်ကြာဆွေးနွေးမှုသည် တစ်ဖက်နှင့်တစ်ဖက် နောက်ထပ် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိသော ထုတ်ကုန်များကိုအပြန်အလှန် အခွန်ချမှတ်မှုနှင့်အတူ ဖြစ်ပေါ်နေသော ကုန်သွယ်ရေးတင်းမာမှုများကို မဖြေရှင်းနိုင်ပဲ ပြီးဆုံးသွားခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံသည် ယခုအခါ တစ်ဖက်နှင့်တစ်ဖက် ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိသော ထုတ်ကုန်များကို အခွန်ချမှတ်ထားကြပြီး နောက်ထပ် ကျန်ရှိနေသော ကုန်သွယ်မှုပမာဏအားလုံးကိုလည်း အခွန်ချမှတ်ရန် ခြိမ်းခြောက်နေကြရာ ၎င်းတို့၏ ပဋိပက္ခကြောင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်လာနိုင်သည်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်နေသည်။

ထရမ့်အစိုးရ တာဝန်ရှိသူများအကြား ဘေဂျင်းအပေါ် မည်သည့်အတိုင်းအတာအထိ ဖိအားပေးသင့်သည်ဆိုသောကိစ္စနှင့် ပတ်သက်၍ သဘောကွဲလွဲမှုရှိနေသော်လည်း တရုတ်စီးပွားရေး နှေးကွေးသွားပြီး တရုတ်စတော့ဈေးကွက် ယိုင်သွားသောကြောင့် အိမ်ဖြူတော်က ၎င်းတို့အနိုင်ရနေသည်ဟု ယုံကြည်နေပုံရသည်။

ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိ သောထုတ်ကုန်များကို အခွန်ချမှတ်မှုသည် ကမ္ဘာ့ကုန်သွယ်မှုကို ဝ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြသည်။

F-04