News

POST TYPE

FOREIGN AFFAIRS

ဂျာမနီအဓိပတိမာကယ်လ်သည် ရွှေ့ပြောင်းအခြေချသူများနှင့်ဆိုင်သည့် စိန်ခေါ်မှုများကို လျှော့တွက်ခဲ့ဟု အီတလီဝေဖန်
05-Sep-2018



ရောမ၊ စက်တင်ဘာ ၄ 

ဂျာမနီအဓိပတိ မာကယ်လ်ဦးဆောင်သော ဂျာမနီအစိုးရသည် ရွှေ့ပြောင်းအခြေချလာသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုရေးဆိုင်ရာ ပဋိပက္ခများနှင့် အခြားပြဿနာများကို လျှော့တွက်ခဲ့သည်ဟု အီတလီပြည်ထဲရေးဝန်ကြီး မက်တီယို ဆာလ်ဗီနီက ဝေဖန်သုံးသပ်လိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

အီတလီနိုင်ငံတွင် အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ ပြည့်အထိမ်းအမှတ်ကာလ အတွင်း DW သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြည်ထဲရေးဝန်ကြီး မက်တီယိုဆာလ်ဗီနီက ယင်းသို့သုံးသပ်ခြင်းလည်းဖြစ်သည်။ 

ဂျာမနီနိုင်ငံတွင်းသို့ အရှေ့အလယ်ပိုင်းနှင့် အာရပ်ကမ္ဘာနိုင်ငံများမှ ရွှေ့ပြောင်းအခြေချသူ (အထူးသဖြင့် မွတ်ဆလင်များ) ဝင်ရောက်မှုကို လက်ခံကြိုဆိုသည့် မူဝါဒ ကျင့်သုံးသော အဓိပတိမာကယ်လ်ဦးဆောင်သည့်အစိုးရသည် ယင်းဒုက္ခသည်များနှင့် ပြည်တွင်းမှ ဂျာမန်ပြည်သူများအကြား ပေါ်ပေါက်လာနိုင်သည့် လူမှုပဋိပက္ခများကို အလေးအနက်စဉ်းစားခဲ့ခြင်းမရှိဟု အီတလီပြည်ထဲရေးဝန်ကြီး မက်တီယိုဆာလ်ဗီနီက သုံးသပ်သည်။ 

“ကျွန်တော်ပြောမယ်ဗျာ၊ ဂျာမနီမှာ လူထောင်ပေါင်းများစွာအတွက် နေရာရှိပါတယ်၊ လက်ခံလို့ရပါတယ်လို့ဆိုပြီး ထုတ်ပြောခဲ့တဲ့အချိန်တုန်းက အဓိပတိအန်ဂလာမာကယ်လ်အနေနဲ့ လူမှုရေးပြဿနာတွေကို သေချာပေါက်လျှော့တွက်ခဲ့တယ်။ ၂၀၁၅ နှစ်သစ်ကူးအချိန်ကာလတုန်းက ကိုလုန်းမြို့မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ကို ခုထိမှတ်မိနေပါသေးတယ်။ နောက်ဂျာမနီတစ်လွှား အဲဒါမျိုးတွေ ဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ဆူပူအကြမ်းဖက်တာဟာ အဖြေမဟုတ်ပါဘူး။ ဆူပူအကြမ်းဖက်လိုက်ရင် နောက်ထပ်ဆူပူအကြမ်းဖက်မှု တစ်ခုပဲ ထပ်ပေါ်လာမှာပါ” ဟု ၎င်းက သုံးသပ်သည်။ 

ရွှေ့ပြောင်းအခြေချသူများ၏ တိုက်ခိုက်မှုကို မကျေနပ်၍ ဂျာမနီ၌ နာဇီလက်သစ်ဟု သမုတ်ခံရသော အမျိုးသားရေး အင်အားစုများ၊ အထူးသဖြင့် ဘွန်ဒါစတာ့ခ် ပါလီမန်လွှတ်တော်တွင်းသို့ ဗ်ီကဲ့သို့ လက်ယာစွန်းနိုင်ငံရေးပါတီမျိုး ပထမဆုံးအနေနှင့် နေရာရလာခြင်းသည် ယင်းလူမှု ပဋိပက္ခများ၏ ဂယက်ရိုက်ခတ်မှုသာဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။ 

သို့သော် ပြည်ထဲရေးဝန်ကြီး မက်တီယိုဆာလ်ဗီနီက ဥရောပသမဂ္ဂထဲသို့ ဒုက္ခသည်များ အဆမတန်ဝင်ရောက်လာမှုကို ဟန့်တားသည့်အနေနှင့် မူလဇာစ်မြစ် အာဖရိကဒေသတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အဓိပတိအန်ဂလာမာကယ်လ်၏ ကြိုးပမ်းချက်များကို လက်ခံသဘောတူကြောင်း ပြောကြားသည်။ 

“အဲဒီကလူတွေကို ကျွန်တော်တို့ အကူအညီပေးရမယ်၊ ဒါမှ သူတို့အနေနဲ့ သူတို့ရဲ့ဒေသကို ပစ်ပြီး တခြားဒေသကို ထွက်မပြေးကြမှာ။ အာဖရိကမှာ တဖြည်းဖြည်းချင်း ရင်းနှီးမြှုပ်နှံသွားကြရမယ်။ ဂျာမနီနဲ့ ဟန်ဂေရီဟာအဲဒီကိစ္စနဲ့ပတ်သက်လာရင် မှန်မှန်ကန်ကန်လုပ်ကိုင်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

မကြာသေးခင် သီတင်းပတ်က အရှေ့ပိုင်း ချမ်းမနစ်ဇ်မြို့တွင် ဖြစ်ပွားခဲ့သော လက်ယာစွန်းဆူပူအုံကြွမှုများသည် ရွှေ့ပြောင်းအခြေချသူများကြောင့်ဖြစ်သော ပြဿနာများကို မကျေနပ်၍ ပေါ်ပေါက်ခဲ့ခြင်းသာဖြစ်သည်ဟု ယင်းလက်ယာစွန်း အင်အားစုများက ဆိုသည်။ 

ထို့ပြင် မာကယ်လ်ဦးဆောင်သော ဂျာမန်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့် ဂျာမနီနိုင်ငံတွင်း လူမှုပဋိပက္ခများ ပိုမိုဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ၎င်းတို့က ပြစ်တင်ဝေဖန်လျက်ရှိသည်။ 

F-01