News

POST TYPE

FOREIGN AFFAIRS

ဂျပန်နိုင်ငံကို နှစ်ပေါင်း ၂၅ နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖုန်းမုန်တိုင်းဝင်တိုက်
05-Sep-2018



တိုကျို၊ စက်တင်ဘာ ၄ 

ဂျပန်နိုင်ငံတွင် အင်အားအလွန်ပြင်းထန်သည့် ဂျီဘီတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ရာ မြေပြိုမှုများနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မုန်တိုင်းဝင်တိုက်သည့် ဒေသများရှိ ပြည်သူသုံးသိန်းကျော်ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို Japan Times နှင့် အခြားသတင်းဌာနများက ရေးသားဖော်ပြသည်။ 

အဆိုပါ ဂျီဘီအမည်ရ တိုင်ဖုန်းမုန်တိုင်းသည် နှစ်ပေါင်း ၂၅ နှစ်တာကာလအတွင်း အင်အားအပြင်းဆုံးဖြစ်သည်။ မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၆၀၀ ကျော်ခန့်သာမက မီးရထားနှင့် ဖယ်ရီရေယာဉ်ခရီးစဉ်များကိုပါ ဖျက်သိမ်းပစ်လိုက်ရသည်။ 

ဝါးမျိုမှုဟုအဓိပ္ပာယ်ရသည့် ယင်းဂျီဘီမုန်တိုင်းသည် ဂျပန်၏ အကြီးဆုံးကျွန်းဖြစ်သော အနောက်ပိုင်းဟွန်ရှူးကျွန်းကို ဦးတည်တိုက်ခတ်ခဲ့သည်။ 

ဂျပန်မိုးလေဝသ ဗျူရိုအကြီးအကဲ ရူတာကူရိုရာက ဂျီဘီမုန်တိုင်းကြောင့် မြေပြိုမှုများ၊ ရေကြီးမှုများနှင့် လေဆင်နှာမောင်းတိုက်ခတ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးထားသည်။ အခြားသော မိုးလေဝသပညာရှင်များကလည်း အလားတူခန့်မှန်းချက်များ ပေးကြသည်။

အာဏာပိုင်များ၏ ခန့်မှန်းချက်အရ ယခုဂျီဘီတိုင်ဖုန်းသည် ၁၉၉၃ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံးမုန်တိုင်းဖြစ်သလို မုန်တိုင်းကြောင့် မြေပြိုမှုများဖြစ်နိုင်ခြေအလွန်များသည်။ 

ဘေးအန္တရာယ်သင့်နိုင်၍ ကြိုတင်ဖယ်ရှားကယ်ဆယ်ရေးလုပ်ငန်းများကို အိုဆာကာ၊ ကျိုဒို၊ နာရာနှင့် ဝါကာယာမာစီရင်စုများတွင် ပြုလုပ်လျက်ရှိသည်။ 

ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ရိုရှီဒါဆူဂါက ဘေးအန္တရာယ်သေချာပေါက် ကျရောက်မည့်နေရာဒေသတွင် နေထိုင်သော ပြည်သူများအနေနှင့် အဆောတလျင် ရှောင်ရှားကြရန် တိုက်တွန်းသည်။ အစိုးရအနေနှင့်လည်း လုပ်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ဂျပန်အနောက်ပိုင်းဒေသ အိုဆာကာနှင့် ကျိုတိုစီရင်စုတို့ အပါအဝင် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာများတွင် ကုန်တိုက်များနှင့် စတိုးဆိုင်ကြီးများ ပိတ်ထားသည်။ 

“အင်အားပြင်းလွန်းတဲ့ လေတိုက်ခတ်မှုတွေ၊ ရေကြီးမှုတွေ စတာတွေ မလွဲမသွေ ပေါ်ပေါက်လာနိုင်တယ်။ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ရှိမယ့်အနေအထားမှာ ရှိပါတယ်” ဟု Accu မှ မိုးလေဝသပညာရှင် အက်ဒမ်ဒူတာက ပြောကြားသည်။ 

အာဏာပိုင်များအားလုံး တူညီစွာ ထုတ်ပြန်သည့် မှတ်တမ်းအရ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၃၅ မိုင်နှုန်းဖြင့် ဟွန်ရှူးကျွန်းသို့ ဝင်တိုက်ခြင်းဖြစ်သည်။ 

အဆိုပါမုန်တိုင်းအရှိန်ကြောင့် မြို့တော်တိုကျိုတွင် မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိသည်ဟု သတင်းဌာနများက ဖော်ပြသည်။ 

ဂျပန်နိုင်ငံသည် ယခုနှစ်အတွင်း ဆိုးရွားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ မိုးသည်းထန်မှု၊ ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့ပြီးနောက် ဇူလိုင်လအတွင်း အပူလှိုင်းဖြတ်သည့်ဒဏ်ကိုခံခဲ့ ရပြန်သည်။ ယခုနှစ်တွင်း ဖြစ်ပေါ်ခဲ့သည့် အဆိုပါဘေးအန္တရာယ်များကြောင့် လူပေါင်း ၂၂၀ သေဆုံးခဲ့သည်။ ယခုနှစ် ရေကြီးမှုများမှာ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခံရသည်။

F-01