News

POST TYPE

FOREIGN AFFAIRS

ဆိုမာလီနိုင်ငံ၏မြို့တော်တွင် အယ်လ်ရှာဘတ်တို့ ဗုံးခွဲတိုက်ခိုက်၊ လူအနည်းငယ်သေဆုံးပြီး အမြောက်အမြားဒဏ်ရာရ
04-Sep-2018


မိုဒါဒီရှူး၊ စက်တင်ဘာ ၃ 

ဆိုမာလီနိုင်ငံ၏ မြို့တော် မိုဒါဒီရှူးရှိ အစိုးရရုံးအဆောက်အအုံတစ်ခုကို အကြမ်းဖက်သမားတစ်ဦးက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အနီးရှိစာသင်ကျောင်းတစ်ခု ပြိုကျသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယမန်နေ့က အသေခံဗုံးခွဲသမားသည် ဟွာလာဒန်ရပ်ကွက်ရှိ အဆိုပါ အစိုးရရုံးကို ကားပေါ်ဗုံးတင်ကာ အသေခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် ဆိုမာလီတပ်သားသုံးဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိသွားကြောင်း အစိုးရအရာရှိကြီးများက ပြောကြားသည်။ 

ဗုံးပေါက်ကွဲမှုမှာ အင်အားပြင်းထန်ခဲ့ရာ အနီးရှိစာသင်ကျောင်းတစ်ခု ပြိုကျခဲ့သလို ဗလီတစ်ခုလည်း ပျက်စီးသွားခဲ့သည်။ ထို့အတူ နေအိမ်အချို့လည်း ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ 

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုသည် ဆိုမာလီနိုင်ငံကို နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ ပုန်ကန်တိုက်ခိုက်နေသည့် အယ်လ်ရှာဘတ်အုပ်စုက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကြေညာသည်။ 

စစ်သားသုံးဦးသည် အစိုးရရုံးဝင်းထဲသို့ အရှိန်ဖြင့် ဝင်ရောက်လာသော အသေခံဗုံးခွဲသမား၏ ကားကိုတားဆီးရန် ကြိုးပမ်းရင်း သေဆုံးသွားခြင်းဖြစ်သည်ဟု အစိုးရအရာရှိတစ်ဦးဖြစ်သူ ဆာလာဟူစိန်အိုမာက ပြောကြားသည်။ 

“ကျွန်တော်တို့ ပုံမှန်အလုပ်လုပ်နေတဲ့အချိန်မှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတာ”ဟု အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“စားပွဲအောက်မှာ ပုန်းနေရတယ်။ ဂိတ်ပေါက်မှာ သေနတ်ပစ်သံတွေကြားနေရတယ်။ လူတွေအတော်များများ ဒဏ်ရာရသွားတယ်၊ တချို့သေတယ်”ဟု ယင်းရုံးမှ အမျိုးသမီးဝန်ထမ်းတစ်ဦးဖြစ်သူ ရာကယာက ပြောကြားသည်။ 

ဆိုမာလီနိုင်ငံသည် ပြီးခဲ့သည့် ၁၉၉၁ ခုနှစ် စစ်အစိုးရဖြုတ်ချခံလိုက်ရသည့် အချိန်မှစတင်ကာ မတည်မငြိမ်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ 

ဆိုမာလီခေါင်းဆောင် မိုဟာမက်ဆာအစ်ဘာရာ ဖယ်ရှားခံလိုက်ရပြီးနောက် ပြိုင်ဘက်စစ်ခေါင်းဆောင်များအကြား ဆယ်စုနှစ်တစ်ခုကျော်ကြာမျှ ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့သည်။ 

ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ ဆိုမာလီနိုင်ငံ၏ နယ်မြေဒေသအတော်များများမှာ စစ်မက်ဖြစ်ပွားနေသည့်ဇုန်များဖြစ်ကြသည်။ 

ဆိုမာလီတွင် ၂၀၁၂ ခုနှစ်က ကုလသမဂ္ဂ ထောက်ပံ့ခံညီညွတ်ရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းအချိန်မှစ၍ အယ်လ်ရှာဘတ်အုပ်စုမှာ မြို့ပြနေရာ အတော်များများမှ မောင်းထုတ်ဖယ်ရှားခြင်း ခံခဲ့ရသည်။ သို့သော် အယ်လ်ရှာဘတ်တို့က ကျေးလက်ဒေသရှိ နယ်မြေအတော်များများကို ထိန်းချုပ်ထားဆဲဖြစ်သလို စစ်ဘက်နှင့် အရပ်ဘက် ပစ်မှတ်များကို မကြာခဏ တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။  

F-01


  • VIA