News

POST TYPE

FOREIGN AFFAIRS

တရုတ်နှင့်ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်ပြီဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား
03-Sep-2018



တိုကျို၊ စက်တင်ဘာ ၂

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တရုတ်နှင့် ဆက်ဆံရေးတိုးမြှင့်မှုအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်လာပြီဟု မှတ်ချက်ပေးခဲ့ကြောင်း Sankei သတင်းစာနှင့် အင်တာဗျူးကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။

အောက်တိုဘာလကုန်တွင် တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိသည့် အာဘေးက တရုတ်သမ္မတရှီကျင့်ဖျင်ကိုလည်း ဂျပန်နိုင်ငံသို့ ဖိတ်ကြားနိုင်ရန် မျှော်လင့်ထားကြောင်း မှတ်ချက်ပေးခဲ့သည်။

အမေရိကန်က တရုတ်ရော၊ ဂျပန်ကိုပါ ကုန်သွယ်ရေးအရ ဖိအားပေးမှုပြင်းထန်လာချိန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ယင်းဝါဒ၏ သက်ရောက်မှုအပေါ် ပူပန်မှုများ မြင့်တက်လာချိန်တွင် အာဘေးကယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

“မေလတုန်းက ဝန်ကြီးချုပ်လီခဲ့ချန် ဂျပန်ကိုလာခဲ့ပါတယ်၊ အဲဒီနောက်မှာ ဂျပန်-တရုတ် ဆက်ဆံရေးက လုံးဝကို ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်သွားတာပါ”ဟု အာဘေးက ပြောကြားခဲ့သည်။

ဂျပန်ဘဏ္ဍာရေးဝန်ကြီးကလည်း အလားတူပင် အကောင်းမြင်ကြောင်း သောကြာနေ့က ပြောကြားခဲ့ပြီး တရုတ်နှင့် လက်ရှိဘဏ္ဍာရေးဆွေးနွေးမှုမှာ အလွန်ကောင်းမွန်နေပြီး နှစ်ဖက်စလုံးက မက်ခရိုစီးပွားမူဝါဒများ၊ အစီအမံများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြောင်း ပြောကြားခဲ့ကြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျာမနီနှင့်ဂျပန်တို့အပေါ်တွင်ပါ အမေရိကန်၏ ကားလုပ်ငန်းကဏ္ဍကုန်သွယ်ရေး လိုငွေပြမှုကို ပြင်ဆင်ရန်အတွက် အခွန်စည်းကြပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

အာဘေးက နှစ်နိုင်ငံစလုံးအကျိုးရှိစေမည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖြန့်ကြက်ရေး ရည်မှန်းချက်များတွင် ထရမ့်နှင့် သဘောတူသော်လည်း ကုန်သွယ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများတွင် ခင်မင်မှုကို အမျိုးသားအကျိုးစီးပွားထက်ပို၍ ဦးစားပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

F-03