News

POST TYPE

FOREIGN AFFAIRS

အီရတ်သို့ ဒုံးကျည်များ ရွှေ့ထားသည်ဆိုသော ရိုက်တာသတင်းကို အီရန်ပယ်ချ
03-Sep-2018


တီဟီရန်၊ စက်တင်ဘာ ၂

အီရန်က ၎င်းတို့၏ ဒုံးကျည်များကို အီရတ်သို့ ရွှေ့ပြောင်းထားသည်ဆိုသော ရိုက်တာသတင်းတစ်ရပ်ကို စနေနေ့က ပယ်ချလိုက်ပြီး ထိုသတင်းသည် အီရန်နှင့် အိမ်နီးချင်းများ၏ ဆက်ဆံရေးကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

“ဒီလို မှားယွင်းပြီး ကျိုးကြောင်းမဆီလျော်တဲ့သတင်းတွေဟာ အီရန်ရဲ့ နိုင်ငံခြားဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ထိခိုက်စေဖို့ကလွဲရင် အခြားရည်ရွယ်ချက်မရှိပါဘူး”ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရန်ကာဆာမီက ပြောကြားကြောင်း IRNA က သတင်းထုတ်ပြန်သည်။

အီရန်သည် ပဲ့ထိန်းဒုံးကျည်များကို အီရတ်နိုင်ငံဖက်ရှိ ရှီးယိုက်ကိုယ်စားပြုအုပ်စုများထံ ပို့ဆောင်ထားပြီး ထိုနေရာတွင် ထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်နေသည်ဟု အီရန်၊ အီရတ်နှင့် အနောက်အုပ်စု သတင်းဇာစ်မြစ်များက Reuters သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီသတင်းက ဒေသတွင်းနိုင်ငံတွေအကြား စိုးရိမ်မှုတွေ ရှိလာအောင် ဖန်တီးရုံသက်သက်ပါပဲ” ဟု ကာဆာမီက ပြောကြားသည်။

အီရန်၏ ပိုမိုရန်စလှုံ့ဆော်သည့် ဒုံးကျည်မူဝါဒကို အီရတ်တွင် အကောင်အထည်ဖော်ရန် ပြင်ဆင်မှုမှန်သမျှသည် ၂၀၁၅ နျူကလီးယားစာချုပ်မှ နုတ်ထွက်သည့် သမ္မတထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် တင်းမာနေသော တီဟီရန်နှင့် ဝါရှင်တန်အကြား ဆက်ဆံရေးကို ပိုမိုဆိုးဝါးသွားစေမည်ဖြစ်သည်။

ထို့ပြင် တီဟီရန်အပေါ် အမေရိက၏ အရေးယူပိတ်ဆို့မှုအသစ်များ ပြန်လည်ချမှတ်နေသည့်ကြားမှ ၂၀၁၅ အီရန်နျူကလီးယားစာချုပ်ကို အဖတ်ဆယ်ရန် ကြိုးစားနေသည့် စာချုပ်လက်မှတ်ထိုး အီယူနိုင်ငံများဖြစ်သော ပြင်သစ်၊ ဂျာမနီနှင့် ယူကေတို့ကိုလည်း ထိုသတင်းက စိတ်အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။

အီရန်တာဝန်ရှိသူသုံးဦး၊ အီရတ် ထောက်လှမ်းရေးရင်းမြစ်နှစ်ခုနှင့် အနောက်အုပ်စု ထောက်လှမ်းရေးရင်းမြစ်များ၏ အဆိုအရ အီရန်သည် ပြီးခဲ့သော လအနည်းငယ်အတွင်း တာတိုပစ်ပဲ့ထိန်းဒုံးကျည်များကို အီရတ်နယ်မြေအတွင်းရှိ ရှီးယိုက်မဟာမိတ်များထံသို့ ရွှေ့ပြောင်းထားခဲ့သည်ဟု သိရှိရသည်။

အဆိုပါအုပ်စုများအား ကိုယ်တိုင်ထုတ်လုပ်မှု စတင်နိုင်အောင် ကူညီပေးနေခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

F-04