News

POST TYPE

FOREIGN AFFAIRS

ပါကစ္စတန်စစ်တပ်ကို ရန်ပုံငွေထောက်ပံ့မှုအားလုံး ရပ်ဆိုင်းမည်ဟု အမေရိကန်ကြေညာ၊ အကြမ်းဖက်အုပ်စုများကို လှုပ်ရှားခွင့်ပြုထားသောကြောင့်ဟု အကြောင်းပြ
03-Sep-2018



အစ္စလာမာဘတ်၊ စက်တင်ဘာ ၂

ပါကစ္စတန်နိုင်ငံသည် ပြည်တွင်းရှိ စစ်သွေးကြွအုပ်စုများကို အရေးယူနှိမ်နင်းရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ပါကစ္စတန်စစ်တပ်ကို ဒေါ်လာသန်း ၃၀၀ ပေးအပ်ထောက်ပံ့မည့် အစီအစဉ်နှင့် အခြားအကူအညီများကို ရပ်ဆိုင်းပစ်လိုက်ပြီဖြစ်သည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

သမ္မတဒေါ်နယ်ထရမ့်က ပါကစ္စတန်နိုင်ငံသည် အမေရိကန်ထံမှ ဒေါ်လာဘီလီယံပေါင်းများစွာကို လက်ခံရယူပြီး လိမ်လည်လှည့်စားလျက်ရှိသည်ဟု မကြာသေးခင်က စွပ်စွဲပြောဆိုခဲ့သည်။ 

ပင်တဂွန်စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကိုနီဖော်လ်ကနာက အမေရိကန်စစ်တပ်အနေနှင့် အခြားအရေးတကြီး ဦးစားပေးရမည့်ကိစ္စရပ်များဘက်တွင် ငွေကြေးသုံးစွဲသွားမည်ဖြစ်သည်ဟု ပြောကြားသည်။ 

ယခုကဲ့သို့ ပါကစ္စတန်စစ်တပ်ကို ငွေကြေးထောက်ပံ့မည့်အစီအစဉ်အား ရပ်ဆိုင်းခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလက ကြေညာခဲ့သောအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ယခုကိစ္စကို အမေရိကန်ကွန်ဂရက်က အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။

“အကြမ်းဖက်အုပ်စုတွေအားလုံးကို ခွဲခြားသတ်မှတ်မှုမရှိဘဲ ပစ်မှတ်ထား နှိမ်နင်းသွားအောင် ပါကစ္စတန်နိုင်ငံကို ကျွန်တော်တို့ ဆက်လက်ဖိအားပေးသွားမှာပါ”ဟု ဗိုလ်မှူးကြီး ကိုနီဖော်လ်ကနာက ပြောကြားသည်။ 

ပါကစ္စတန်ကိုပေးမည့် ဒေါ်လာသန်း ၃၀၀ ကို အခြားနေရာ (နယ်ပယ်) များတွင် အသုံးချသင့်သည်ဟုလည်း ၎င်းက ဆိုသည်။ ယခုလို ပါကစ္စတန်စစ်တပ်ကို ထောက်ပံ့မှုရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ချခြင်းသည် ပါကစ္စတန်၌ မကြာသေးမီက အာဏာရလာသည့် ဝန်ကြီးချုပ်သစ် အီမန်ခန်နှင့် တွေ့ဆုံနိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို အစ္စလာမာဘတ်သို့ မသွားရောက်မီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စုနှင့် အနောက်အုပ်စုက ပါကစ္စတန်နိုင်ငံသည် စစ်သွေးကြွများနှင့် အကြမ်းဖက်အုပ်စုများ ကောင်းစွာ ခိုလှုံလှုပ်ရှားသွားလာနိုင်ရန် ခွင့်ပြုထားသည်ဟု တောက်လျှောက်ဝေဖန် ပြောဆိုခဲ့သည်။ ပါကစ္စတန်၏ ပေါ့လျော့မှုကြောင့် အာဖဂန်နစ္စတန်နယ်စပ်ဒေသ တိုက်ပွဲများဖြစ်ပေါ်ရသည်ဟုလည်း ဝေဖန်ခဲ့သည်။ ပါကစ္စတန်အစိုးရကမူ အမေရိကန်တို့၏ ထင်မြင်စွပ်စွဲချက်များ မှန်ကန်မှုမရှိဟု ဆိုသည်။ 

အမေရိကန်တို့က ပါကစ္စတန်သည် ဟာကာနီဟုအမည်ရသည့် စစ်သွေးကြွကွန်ရက်ကို နိုင်ငံတွင်း လှုပ်ရှားခွင့်ပြုထားကြောင်း၊ ယင်းအုပ်စုသည် နယ်စပ်ဒေသတွင်သာမက အိမ်နီးချင်း အာဖဂန်နစ္စတန်တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။ 

၎င်းတို့သည် အာဖဂန်တာလီဘန်တို့နှင့်ချိတ်ဆက်ကာ သဘောထား အစွန်းရောက်သည့် အစ္စလာမ်ဝါဒ ပြန့်ပွားရန် ကြိုးပမ်းလျက်ရှိသည်။ တာလီဘန်ရော၊ ဟာကာနီစစ်သွေးကြွအုပ်စုနှစ်ခု၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်တပ်ဖွဲ့ဝင် မြောက်မြားစွာ သေဆုံးခဲ့ရကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ ပါကစ္စတန်အစိုးရ၏ ညံ့ဖျင်းမှု သို့မဟုတ် မသိကျိုးနွံပြုမှုတို့ကြောင့်ဖြစ်ကြောင်း အမေရိကန်အစိုးရ အရာရှိကြီးများက တောက်လျှောက်ဝေဖန်ပြောဆိုခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုသည် ပါကစ္စတန်သာမက အရှေ့အလယ်ပိုင်းဒေသ ပါလက်စတိုင်းဒုက္ခသည်များကို ထောက်ပံ့နေသည် ကုလသမဂ္ဂအေဂျင်စီကို ငွေကြေးကူညီပံ့ပိုးမှုများကိုလည်း ရပ်ဆိုင်းကြောင်း သောကြာနေ့က ကြေညာခဲ့သည်။  

F-01