News

POST TYPE

FOREIGN AFFAIRS

ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခိုင်းသည့်အချက်ကို မပြင်နိုင်ဟု ANP ပါတီဆို
31-Aug-2018

စစ်တွေ၊ ဩဂုတ် ၃၀

ကြားဖြတ်ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ (ANP) ၏ ရုပ်မြင်သံကြားမှတစ်ဆင့် မဲဆွယ်စည်းရုံး ဟောပြောရန် စာတမ်းမူကြမ်းတွင် ထည့်သွင်းထားသည့်အချက်ကို ရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်ခိုင်းခြင်းကို မပြင်နိုင်၍ ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံးခွင့်ကို လက်လွှတ်မည်ဖြစ်ကြောင်း ယင်းပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်လူမျိုးနှင့်ဆက်စပ်နေသည့် စကားလုံးအချို့ကို ပြင်ဆင်ခိုင်းရာ ပြင်ဆင်ပေးလိုက်သော်လည်း ပါတီ၏ မူဝါဒတစ်ခုဖြစ်သည့် “လူမျိုးကိုအခြေခံသော ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုပေါ်ပေါက်ရေး”ဆိုသည့် အချက်ကို ပြင်ခိုင်းရာတွင် မပြင်ဆင်နိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပါတီရဲ့ဖွဲ့စည်းပုံမှာပါတဲ့ မူဝါဒကို အလွယ်တကူပြောင်းလို့မရဘူး။ ပြောင်းရင် ဖွဲ့စည်းပုံကိုလည်း ပြန်ပြင်ရမယ်။ ပြည်သူလူထုကိုလည်း ပါတီရဲ့မူဝါဒကို အသိပေးထားတဲ့အတွက် အခုတစ်မျိုးတော်ကြာ တစ်မျိုးပြောင်းနေရင် မလေးစားရာရောက်မယ်”ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

အဆိုပါ မူဝါဒဖြင့် ၂၀၁၀ ပြည့်နှစ် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့၌ မဲဆွယ်စည်းရုံး ဟောပြောခဲ့ပြီးလည်းဖြစ်၍ မပြင်ဆင်နိုင်ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဩဂုတ်လ ၂၉ ရက်နေ့က အကြောင်းကြားပြီဖြစ်သော်လည်း ကော်မရှင်က ပြန်လည်အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ANP ပါတီထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ ဟောပြောလို့ရရင် ပြောမယ်၊ မရရင် မပြောဘူး။ အဓိကတော့ မြေပြင်မဲဆွယ် စည်းရုံးရေးပေါ့၊ ဒီ TV ပြောတာကိုလည်း နားထောင်တဲ့ သူနည်းတယ်။ မထောင်တဲ့သူအများကြီး”ဟု မြေပုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။

ANP စာတမ်းမူကြမ်းတွင် ရခိုင်ပါတီကိုမဲမပေးပါက ခေတ်သစ်ကိုလိုနီနယ်ချဲ့များ၏ လက်အောက်သို့ ရောက်ရှိသွားမည်၊ ကြားဖြတ်ရွေးကောက်ပွဲသည် ရခိုင်လူမျိုးများအတွက် အလွန်ရေးကြီးသည်၊ လူမျိုးကို အခြေခံပြီး ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု စသည့်စကားလုံးများသည် ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်နိုင်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပတွင် မဲဆွယ်ခဲ့သည့် သီချင်းတွင်ပါဝင်သည့် အဖရခိုင်ပြည်ကို ကျွန်ုပ်တို့ ရခိုင်သူ ရခိုင်သားများထက် မည်သူပင်ချစ်နိုင်မည်နည်း၊ အမျိုးတို့၊ အနှိမ်ခံဘဝ အလိမ်ခံရပေါင်း မနည်းတော့ပါဆိုသည့် စာသားများကိုပါ ပြင်ဆင်ခိုင်းကြောင်း ဦးဖေသန်းက ဆက်လက်ပြောဆိုသည်။

R-22