News

POST TYPE

FOREIGN AFFAIRS

အကျိုးတူ စပါးစိုက်ပျိုးရန် စင်ကာပူကုမ္ပဏီ စီစဉ်
30-Aug-2018



ရန်ကုန်၊ ဩဂုတ် ၂၉

စင်ကာပူနိုင်ငံအခြေစိုက် Golden Sunland Pte ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကျိုးတူကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ဖြင့် စပါးစိုက်ပျိုးထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ဩဂုတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အသင်းဝင် ကုမ္ပဏီဖြစ်သည့် Infra Trade Co.,Ltd. စင်ကာပူနိုင်ငံအခြေစိုက် Golden Sunland Pte Co.,Ltd. နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် စပ်မျိုးစပါးများ စမ်းသပ်စိုက်ပျိုးမှုအခြေအနေ၊ ဆန်ပြည်ပတင်ပို့မှု၊ ဆန်ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ လေ့လာသုံးသပ်ရေးကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“ဒီမှာ စမ်းသပ်စိုက်တာအောင်မြင်ရင် ဆန်ချည်းပဲ ပို့မှာမဟုတ်ဘဲ တန်ဖိုးမြှင့်ပြီးပို့မှာ။ သူတို့စမ်းသပ်ထားတာ စပါးအထွက်နှုန်းကောင်းတဲ့ ဒေသတွေတော့ ပေါ်လာပြီ။ ရှေ့ဆက်ပြီး တန်ဖိုးမြှင့်ထုတ်ဖို့ စက်ကိရိယာတွေ၊ ပြည်ပတင်ပို့ဖို့တွေ ဒါတွေကိုဆွေးနွေးတာ” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောကြားသည်။

လက်ရှိတွင်လည်း Golden Sunland Pte ကုမ္ပဏီအနေနှင့် နေပြည်တော်တွင် မိုးစပါးစိုက်ဧက ၄၀၀ ခန့် စမ်းသပ်စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ပါက တောင်သူများနှင့်အတူ Contract Farming စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပြီး ထွက်ရှိလာမည့် စပါးများကို စင်ကာပူနိုင်ငံသို့ (၅၀၀ါ) ပါကင် အိတ်များဖြင့် အသင့်ချက်ပြုတ်စားသောက်နိုင်သည့် ထုတ်ကုန်အဖြစ် ပြန်လည်တင်ပို့မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနှင့် Contract Farming စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ရာတွင် ပူးပေါင်းကူညီပေးခြင်း၊ ပြည်ပတင်ပို့ရာတွင် ဈေးနှုန်းမှန်ကန်စွာတင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

J-11