News

POST TYPE

FOREIGN AFFAIRS

မူးယစ်နှိမ်နင်းရေးစီမံချက်ကြောင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် ဖိလစ်ပိုင် သမ္မတဒူတာတေး အမှုဖွင့်တိုင်တန်းခံရ

မနီလာ၊ ဩဂုတ် ၂၉

ဖိလစ်ပိုင်နိုင်ငံတွင် နာမည်ဆိုးထွက်နေသော မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်အတွင်း ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသူ လူရှစ်ဦး၏ မိသားစုဝင်များနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ သမ္မတရိုဒရီဂိုဒူတာတေးကို လူသတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုတို့ဖြင့် အရေးယူပေးရန် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) တွင် အမှုဖွင့်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

ICC သို့ ပေးပို့တိုင်တန်းထားသည့် စာမျက်နှာ ၅၀ ပါ ထွက်ဆိုချက်တွင် သမ္မတဒူတာတေး အစိုးရ၏ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါဒ နှိမ်နင်းရာတွင် ဥပဒေဘောင်ထက်ကျော်လွန်ကာ သတ်ဖြတ်မှုများစွာရှိသလို ညှဉ်းပန်းနှိပ်စက်မှုများလည်းရှိသည်ဟု ဖော်ပြထားသည်။

ယင်းမူးယစ်နှိမ်နင်းရေး စီမံချက်ကြီးကို ဝေဖန်ပြောဆိုသူများလည်း ညှဉ်းပန်းနှိပ်စက်ခံရကြောင်း၊ ယခုလိုအမှုဖွင့် တိုင်ကြားသည့် ကျန်ရစ်သူမိသားစုဝင်များအနေနှင့်လည်း ညှဉ်းပန်းနှိပ်စက်မှုများမှ လွတ်မြောက်နိုင်ရေးအတွက် ပြေးရန်နေရာ မရှိကြောင်း ဖော်ပြထားသည်။

ယခု ICC သို့ အမှုဖွင့်တိုင်တန်းသည့်ကိစ္စအား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ တရားဟောဆရာများ၊ လူထုခေါင်းဆောင်များပါဝင်သည့် ကွန်ရက်က ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ဒူတာတေးဦးဆောင်သော အစိုးရအဖွဲ့က ၂ နှစ်ကျော်ကြာ ဆက်တိုက် အကောင်အထည်ဖော်ခဲ့သော ယင်းမူးယစ်နှိမ်နင်းရေးစီမံချက်တွင် လူပေါင်း ၄၄၀၀ ကျော်သေဆုံးခဲ့ရပြီးနောက် ယခုလို ICC သို့ တိုင်တန်းသည်အထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

“သမ္မတဒူတာတေးသည် ယင်းသို့ လူအမြောက်အမြားကို သတ်ဖြတ်ပစ်ရန် နိုင်ငံတော်ရဲတပ်ဖွဲ့ကို ကိုယ်တိုင် အမိန့်ပေး ညွှန်ကြားခဲ့သူဖြစ်သည်”ဟု အဆိုပါကွန်ရက်က သတင်းထောက်များကိုပြောကြားသည်။

သမ္မတဒူတာတေးကမူ ရဲတပ်ဖွဲ့အား မိမိကိုယ်ကိုယ် ကာကွယ်ရမည့် အနေအထားဖြစ်လာမှ ပစ်ခတ်နှိမ်နင်းရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟု ဆိုထားပြီး ဝေဖန်ရေးသမားများ၏ စွပ်စွဲချက်များကို လက်မခံကြောင်း ပြောဆိုထားသည်။

ပြီးခဲ့သည့်သတင်းပတ်က ပြုလုပ်သော မိန့်ခွန်းပြောဆိုမှုတွင် ဒူတာတေးက အဆိုပါ မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်ကြီးမှာ ပြီးဆုံးခြင်းမရှိသေးကြောင်း အတိအလင်းပြောဆိုခဲ့သည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဘန်နီဂိုဒူရန်နာက “သမ္မတဒူတာတေးက မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ ဒုစရိုက်သမားဖြိုခွင်းရေးကို တရားဥပဒေအတိုင်း လုပ်သွားဖို့ပဲ အမိန့်ပေးညွှန်ကြားထားတာပါ”ဟု ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဧပြီလကလည်း အတိုက်အခံ ဥပဒေပြုအမတ်နှစ်ဦးနှင့် ရှေ့နေတစ်ဦးတို့ပူးပေါင်းပြီး ICC တွင် အလားတူ အမှုဖွင့်တိုင်တန်းချက်တစ်ခု ပြုလုပ်ခဲ့ဖူးသည်။ 

F-01