News

POST TYPE

FOREIGN AFFAIRS

ဥရောပလုံခြုံရေးအတွက် အမေရိကန်ကိုမမှီခိုနိုင်တော့ဟု ပြင်သစ်သမ္မတမက်ခရွန် ပြောကြား
28-Aug-2018


ပဲရစ်၊ ဩဂုတ် ၂၈

ဥရောပတိုက် လုံခြုံရေးအတွက် အမေရိကန်ကို ဆက်လက်မှီခိုရန် မဖြစ်နိုင်တော့ကြောင်း ပြင်သစ်သမ္မတ အီမန်နျူ ရယ်မက်ခရွန်က ပြင်သစ်၏ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်နေကြသော သံအမတ်ကြီးများ ပဲရစ်မြို့တွင် စုဝေးရောက်ရှိနေစဉ် ပြောကြားခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

“ဒီကနေ့ခေတ်မှာ ကျုပ်တို့အနေနဲ့ ကိုယ့်လုံခြုံရေးအာမခံချက် ရှိအောင်၊ ဥရောပရဲ့ အချုပ်အခြာအာဏာ တည်မြဲအောင် ကိုယ်တိုင် တာဝန်ယူကြရပါတော့မယ်”ဟု မက်ခရွန်က ပြောကြားခဲ့သည်။

၂၀၁၆ ရွေးကောက်ပွဲပြီးကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်အတ္တလန္တိတ်စ်စာချုပ်အဖွဲ့ (နေတိုး) တွင် အမေရိကန်၏ ဦးဆောင်မှုကိုလျှော့ချရန် ဆန္ဒရှိနေခဲ့ရာ ဒုတိယကမ္ဘာစစ်လွန် ဥရောပငြိမ်းချမ်းရေးနှင့် လုံခြုံရေးသဘော တူညီချက်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။

အနာဂတ်တွင် ဥရောပအနေနှင့် ကိုယ့်ကိုယ်ကိုယ် မည်သို့ကာကွယ်မည်ဆိုခြင်းကို အလုံးစုံပြန်လည်တွေးရန် လိုအပ်သည်ဟု မက်ခရွန်က မှတ်ချက်ပေးခဲ့သည်။

“ကျုပ်တို့ရဲ့ လုံခြုံရေးအတွက် ဥရောပမိတ်ဖက်တွေ အားလုံး၊ ရုရှားပါ အပါအဝင်နဲ့၊ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတစ်ခုလုပ်ဖို့ လိုလားပါတယ်”ဟု မက်ခရွန်က ပြောကြားခဲ့သည်။

မက်ခရွန်၏ ဥရောပစစ်ရေးပေါင်းစည်းမှု တိုးမြှင့်ရေး တောင်းဆိုချက်မှာ မကြာသေးမီက ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမာ့စ်၏မှတ်ချက်ကို ပဲ့တင်ထပ်လိုက်ခြင်းလည်းဖြစ်သည်။

မာ့စ်က ဥရောပအနေနှင့် တာဝန်ယူမှု မျှတသောဝေစုကိုယူရန်လိုအပ်ပြီး အမေရိကန်- ဥရောပဆက်ဆံရေး အေးစက်လာချိန်တွင် အမေရိကန်နှင့် တန်ပြန်မျှခြေတစ်ခု တည်ဆောက်ရမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

ဥရောပသမဂ္ဂ အားနည်းနေခြင်း၏တန်ဖိုးကို ပေးဆပ်နေရခြင်းလည်းဖြစ်ကြောင်း မက်ခရွန်က မှတ်ချက်ပေးခဲ့သည်။ 

F-03