News

POST TYPE

FOREIGN AFFAIRS

ဖလော်ရီဒါရှိ ဗီဒီယိုဂိမ်းပြိုင်ပွဲတွင် ဂိမ်မာတစ်ဦးပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံး
28-Aug-2018

ဝါရှင်တန်၊ ဩဂုတ် ၂၆

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ဂျက်ဆင်ဗီးလ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တနင်္ဂနွေနေ့ကအွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုဂိမ်းပြိုင်ပွဲကျင်းပနေစဉ် ဂိမ်မာတစ်ဦးက ပြောင်းတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနှစ်ဦးသေဆုံးပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

ပစ်ခတ်သူမှ ဘာလ်တီမိုးလ်မှ အသက် ၂၄ နှစ်အရွယ် ဒေးဗစ်ကတ်ဇ် ဆိုသူဖြစ်ပြီး ပြိုင်ပွဲဝင်ရန် ဂျက်ဆင်ဗီးလ်မြို့သို့ ရောက်ရှိနေသူဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဖလော်ရီဒါတွင် တတိယအကြိမ်မြောက် လူအမြောက်အမြား ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် အဘယ်ကြောင့် ထိုသို့ကျူးလွန်ရသည်ဆိုခြင်းကိုမူ မှတ်ချက်ပေးရန် ဂျက်ဆင်ဗီးလ်ရဲမှူး မိုက်ဝီလျံစ်က ငြင်းဆိုခဲ့သည်။

ကတ်ဇ်သည် ပစ်ခတ်မှုကျူးလွန်ပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့ကာ သူ့အလောင်းကို သူ့လက်ချက်ဖြင့် သေဆုံးသူနှစ်ဦး၏ အလောင်းနှင့်အတူတွေ့ရှိခဲ့သည်ဟု ရဲမှူးက ပြောကြားသည်။ 

ပစ်ခတ်မှုကြောင့် အခြားသူ ၁၁ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး နောက်ထပ်နှစ်ဦးမှာလည်း အခင်းဖြစ်နေရာမှထွက်ပြေးစဉ် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

မြို့လယ်ရှိ Jacksonville Landing အမည်ရရေပြင်ကို မျက်နှာမူထားသော စားသောက်ဆိုင်၊ ဖျော်ဖြေရေးနှင့် ဈေးဝယ်စင်တာတွင် တနင်္ဂနွေနေ့ ညနေ့ဘက် နေသာသောအချိန်၌ ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီးတွင် ရဲကားများ၊ လူနာတင်ကားများဖြင့် ရှုပ်ထွေးနေကြောင်း Reuters သတင်းထောက်က သတင်းပေးပို့သည်။

စင်တာရှိ ရှီကာဂိုပီဇာ စားသောက်ဆိုင်ရှိ GLHF ဂိမ်းနှင့် အဖျော်ယမကာဆိုင်တွင် Madden 19 အွန်လိုင်းဂိမ်း ပြိုင်ပွဲအတွက် ဒေသအဆင့် ဆန်ခါတင် ရွေးချယ်ပွဲကျင်းပစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဘောလုံးဗီဒီယိုဂိမ်း ပြိုင်ပွဲကိုဆိုင်တွင် တိုက်ရိုက်လွှင့်နေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဗီဒီယိုဖိုင်အရ သိရသည်။ ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်မှု မပြတ်တောက်မီ ကစားသမားများထိတ် လန့်တကြား ပြေးလွှားနေပုံကို ရိုက်ကူးထားနိုင်ခဲ့သည်။

ပစ်ခတ်သူသည် ပြိုင်ပွဲတွင် ဝင်ပြိုင်ပြီး အရေးနိမ့်ခဲ့သူဖြစ်ကာ အခြားကစားသမားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်။ 

F-03