News

POST TYPE

FOREIGN AFFAIRS

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ မြောက်ကိုရီးယားခရီးစဉ်ကို ထရမ့်ဖျက်သိမ်း၊ တရုတ်ကို တာဝန်မကျေဟု ဝေဖန်ထိုးနှက်


ဝါရှင်တန်၊ ဩဂုတ် ၂၆ 

ပြီးသွားသည့် စနေ၊ တနင်္ဂနွေတွင် မြောက်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသွားရောက်မည့် ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ပြီး ပြုံယမ်း၏ အနီးကပ် မဟာမိတ် တရုတ်နိုင်ငံသည်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စတွင် ဖိအားပေးနိုင်ခြင်းမရှိခဲ့ဟု ဝေဖန်ထိုးနှက်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။ 

“ယခုအချိန်မှာ မြောက်ကိုရီးယားကို မသွားဖို့ နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန် ပီယိုကို ကျွန်တော်ပြောလိုက်ပြီ။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ဖြုတ်သိမ်းရေးနဲ့ပတ်သက် ပြီး တိုးတက်ကောင်းမွန်မှုတွေရှိလာအောင် ကျွန်တော်တို့တစ်တွေ အလေးထားလုပ်ဆောင်နိုင်ခြင်းမရှိဘူးလို့ ခံစားရလို့ပါပဲ” ဟု ထရမ့်က Twitter အကောင့်တွင် ဖော်ပြသည်။ 

“ဖြည့်ပြောရမယ်ဆိုရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆိုးရွားပြင်းထန်တဲ့ ကုန်သွယ်ရေးပြဿနာကြောင့်ပါပဲ။  တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနျူကလီးယားလက်နက် ဖြုတ်သိမ်းရေးလုပ်ငန်းစဉ်ကို အကူအညီပေးမယ်လို့ ကျွန်တော်မထင်မိဘူး၊ မယုံကြည်ဘူး”ဟု ဆက်လက်ဖော်ပြသည်။ 

သို့သော် နောက်ထပ် Twitter စာမျက်နှာဖော်ပြချက်တွင်မူ ထရမ့်က နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုအနေနှင့် မကြာမီအနာဂတ်တွင် မြောက်ကိုရီးယားသို့သွားရန် ရှိနေသေးသည်ဟု ဖော်ပြခဲ့ပြန်သည်။ သို့သော် တရုတ်နှင့် အမေရိကန် ပြည်ထောင်စု ကုန်သွယ်ရေးပြဿနာများ ပြေလည်သွားချိန်တွင် ယင်းခရီးစဉ်စတင်ဖွယ်ရှိသည်ဟု ၎င်းကဆိုခြင်းဖြစ်သည်။ 

“လောလောဆယ်အချိန်မှာတော့ မြောက်ကိုရီးယား ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ကင်ဂျုံအန်းကို အထူးသတိရကြောင်းနဲ့ လေးစားပါကြောင်း ပြောချင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကို စေလွှတ်ဖို့ ကျွန်တော် ကြိုးပမ်းသွားမှာပါ” ဟု ထရမ့်က ဆက်လက်ဖော်ပြသည်။ 

နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စတွင် တရုတ်နိုင်ငံက အကူအညီ ပေးခြင်းမရှိဟုဆိုသော ထရမ့်၏ မှတ်ချက်စကားနှင့်ပတ်သက်၍ တရုတ်အစိုးရက တာဝန်မဲ့သည့်မှတ်ချက် ဖြစ်သည်ဟု ဖော်ပြလိုက်သည်။ 

ဒဒအဲဒီမှတ်ချက်စကားဟာ တကယ့်အမှန်တရားနဲ့ လုံးဝဆန့်ကျင်နေပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး တရုတ်အနေနှင့် လွန်စွာစိုးရိမ်မိသည်ဟု ဖော်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုက ၎င်းအနေနှင့် မြောက်ကိုရီးယားနိုင်ငံကို လေးကြိမ်မြောက်အဖြစ် သွားရောက်ကာ နျူကလီးယားလက်နက် ဖြူတ်သိမ်းရေးကို အတည်ပြုနိုင်အောင်ကြိုးပမ်းမည်ဖြစ်သည်ဟု ကြာသပတေးနေ့က ပြောခဲ့သည်။ 

သမ္မတထရမ့်သည် ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ကင်ဂျုံအန်းနှင့် စင်ကာပူတွင် ပထမဆုံးထိပ်သီးဆွေးနွေးပွဲကျင်းပပြီးနောက် မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ်မရှိတော့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်သည့် စက်ရုံများနှင့် ဆိုက်များကို ဖျက်သိမ်းခြင်းမရှိသေးကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

F-01