News

POST TYPE

FOREIGN AFFAIRS

ရုရှားနိုင်ငံသားတစ်ဦး သံရုံး ၅ လွှာမှ ပြုတ်ကျသေဆုံး
27-Aug-2018

ရန်ကုန်၊ ဩဂုတ် ၂၆

ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ စကားဝါလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးတွင် အသက် ၃၅ နှစ်အရွယ် ရုရှားနိုင်ငံသားတစ်ဦး သံရုံး ၅ လွှာရှိ ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းသံရုံးတွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ် IGOR POLETAEV သည် ယင်းနေ့က သံရုံး ၅ လွှာ ပြတင်းပေါက်အပြင်ဘက်ရှိ ဆန်းရှိုတ်မှ မိုးရွာသွန်း၍ ရေညှိများတက်နေသဖြင့် သန့်ရှင်းရေးပြုလုပ်ရာ ခြေချော်ပြုတ်ကျခဲ့ပြီး သံရုံးအဆောက်အအုံအနီး ရေမြောင်းဘောင်နှင့် ကွန်ကရစ်အခင်းပေါ်တွင် ဦးခေါင်းတောင်ဘက်ပြုလျက် ဦးခေါင်းခွံ ကွဲထွက်ကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှသိရသည်။

“သံရုံးက စကားပြန်အမျိုးသမီးက ဖုန်းအဆက်အကြောင်းကြားလို့ သွားစစ်ဆေးခဲ့တာ။ သေဆုံးသူက သံရုံးဝန်ထမ်းပဲ၊ ဒီရောက်နေတာလဲ သံတမန်ဗီဇာနဲ့ ရောက်နေတာ။ သူတို့နိုင်ငံက မိသားစုဝင်တွေလည်း ရောက်နေပြီလို့ သိရတယ်။ ရဲစခန်းအနေနဲ့ကတော့ သေမှုသေခင်းပဲ ဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် သိရှိနိုင်ရန် ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရာ ယင်းဆေးရုံကြီးက PR-031 ဖြင့် လက်ခံစစ်ဆေးနေပြီး ဒဂုံမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၄/၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်တွင် သေမှုသေခင်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့ရာ အမြင့်မှ ပြုတ်ကျသေဆုံးသူ ၆၀ ဦး၊ ကား၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသူ တစ်ဦး၊ ရထားကြိတ်ခံရပြီး သေဆုံးသူ ၁၄ ဦးနှင့် လှေမှောက်သဖြင့်သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ အမြင့်မှ ပြုတ်ကျသေဆုံးသူ ၄၀ ဦး၊ ကား၊ ရထားပေါ်မှ ပြုတ်ကျသေဆုံးသူမရှိ၊ ရထားကြိတ်ခံရပြီး သေဆုံးသူ ၈ ဦး၊ လှေမှောက်သဖြင့် သေဆုံးသူတစ်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။

J-16