News

POST TYPE

FOREIGN AFFAIRS

အမေရိကန်က ပါလက်စတိုင်းသားများအတွက် အကူအညီဒေါ်လာသန်း ၂၀၀ ဖြတ်တောက်
26-Aug-2018



ဝါရှင်တန်၊ ဩဂုတ် ၂၄

အနောက်ဘက်ကမ်းနှင့် ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်းပြည်သူများအတွက် အကူအညီပေးမည့် အစီအစဉ်များမှ အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖြတ် တောက်လိုက်ကြောင်း ထရမ့်အစိုးရက ထုတ်ပြန်ခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။ 

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ဝါရှင်တန်သည် အစ္စရေးသိမ်း ပိုက်ခံ ပါလက်စတိုင်းဒုက္ခသည်များကို အပြစ်ပေးနေသည်ဟု ဝေဖန်ခဲ့သည်။

အနောက်ဘက်ကမ်းနှင့် ဂါဇာမှ စီမံကိန်းများအတွက် ရန်ပုံငွေကို ပြန်လည်သုံးသပ်ပြီးနောက် ယခုကဲ့သို့ ဖြတ်တောက်ရန် ထရမ့်အစိုးရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။

လွှတ်တော်အမတ်များထံသို့ ဩဂုတ်လ ၂၄ ရက်နေ့က ပေးပို့သော အကြောင်း ကြားစာတွင် အစိုးရအနေနှင့် အဆိုပါ ငွေကြေးများကို အထူးဦးစားပေးစီမံကိန်းများတွင် ပြောင်းလဲသုံးစွဲသွားမည်ဟု ပါရှိသည်။

“သမ္မတထရမ့်၏ လမ်းညွှန်မှုအရ၊ ရန်ပုံငွေများကို အမေရိကန်အမျိုးသားအကျိုးစီးပွားနှင့် အညီသုံးစွဲနိုင်ရန်နှင့် အမေရိကန် အခွန်ထမ်းပြည်သူများအတွက် တန်ဖိုးရှိစေရန် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့် အနောက်ဘက်ကမ်းနှင့် ဂါဇာအတွက် အမေရိကန်အကူအညီများကို ပြန်လည်သုံးသပ်ခဲ့ပါသည်” ဟု နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြတ်တောက်မည့် ပမာဏအတိ အကျကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

သမ္မတထရမ့်နှင့် အမေရိကန်၏ အရှေ့အလယ်ပိုင်းရေးရာမူဝါဒ ဦးစီးသည့် သမက်ဖြစ်သူဂျရက် ကုရှ်နာတို့က အစ္စရေးနှင့် ပါလက်စတိုင်းငြိမ်းချမ်းရေးအတွက် အမေရိကန်ရည်ရွယ်ထားသည့် အစီအစဉ်ကို မထုတ်ပြန်မီ ယခုကဲ့သို့ ရန်ပုံငွေဖြတ်တောက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သည် အစောပိုင်းတွင် ပါလက်စတိုင်းသားများအတွက် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အရပ်ဘက် လူ့အဖွဲ့အသည်းဆိုင်ရာ ကိစ္စရပ်များအတွက် ဒေါ်လာ ၂၅၁ သန်း ထောက်ပံ့ရန် စီစဉ်ထားခြင်းဖြစ်သည်။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) က ယခုဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးမှာ ရောင်းစား၍ မရကြောင်း ထုတ်ပြန်ခဲ့သည်။

“သိမ်းပိုက်ခံနေရာက ပြည်သူတွေကိုဆက်တိုက် အနိုင်ကျင့်၊ ဒဏ်ခတ်နေတာဟာ ဘယ်လိုမှ ဂုဏ်သိက္ခာမရှိပါဘူး။ အမေရိကန်အစိုးရဟာ အစ္စရေးသိမ်းပိုက်မှုနဲ့ မြေယာနဲ့ သယံဇာတ ခိုးယူမှုမှာ ပူးပေါင်းပတ်သက်နေတယ်ဆိုတဲ့ နိမ့်ကျတဲ့စိတ်ဓာတ်ကို သက်သေပြခဲ့ပြီးပါပြီ။ အခုအခါမှာ ဒီသိမ်းပိုက်မှုဒဏ်ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဒဏ်ခတ်တဲ့ စီးပွားရေးအရ နိမ့်ကျတဲ့ လုပ်ရပ်ကို ထပ်ကျင့်သုံးနေပါတယ်” ဟု PLO အမှုဆောင် ကော်မတီအဖွဲ့ဝင်ဟာ နန်အက်ရှရာဝီက ဝေဖန်ခဲ့သည်။

F-03