News

POST TYPE

FOREIGN AFFAIRS

ဂျပန်နိုင်ငံတွင် ပထမဆုံးအမျိုးသမီး ဂျက်တိုက်လေယာဉ်မှူး ပေါ်ထွန်း
25-Aug-2018


တိုကျို၊ ဩဂုတ် ၂၅

ဂျပန်နိုင်ငံတွင် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နိုင်ငံ၏ ပထမဆုံး ဂျက်တိုက်လေယာဉ်မှူး ဖြစ်လာသည်ဟု ဂျပန်စစ်တပ်က သောကြာနေ့က သတင်းထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဗိုလ်ကြီးမီဆာမတ်ဆူရှီမာ(၂၆ နှစ်) သည် ငယ်စဉ်ကလည်းက ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင် တွမ်ခရုဇ်ပါဝင် သရုပ်ဆောင်ထားသည့် Top Gun ဇာတ်ကားကိုကြည့်ကာ ဂျက်တိုက်လေယာဉ်မှူးဖြစ်ရန် ရည်မှန်းချက်ရှိခဲ့သည်။ 

မစ္စမီဆာမတ်ဆူရှီမာသည် F-15 ဂျက်တိုက်လေယာဉ် ပျံသန်းမောင်းနှင် သည့် သင်တန်းပြီးဆုံးသွားပြီဖြစ်ရာ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဂျက်တိုက်လေယာဉ်မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်ဟု ဂျပန်စစ်တပ်က ကြေညာချက်ထုတ်ပြန်သည်။ 

“ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဖိုက်တာ ပိုင်းလော့တစ်ယောက်အနေနဲ့ အမျိုးသမီးတွေအတွက် လမ်းဖွင့်သွားမှာပါ”ဟု မစ္စမီဆာမစ်ဆူရှီမာက သတင်းထောက်များကို ပြောကြားသည်။ 

ဂျပန်လေတပ်သည် ၁၉၉၃ ခုနှစ်ကစတင်ကာ အမျိုးသမီးတပ်ဖွဲ့ဝင်များကို စုဆောင်းခဲ့သော်လည်း အမျိုးသမီးများအနေနှင့် ဂျက်တိုက်လေယာဉ်နှင့် အခြားလေယာဉ်များမောင်းနှင်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။ 

သို့သော် ယင်းကန့်သတ်ပိတ်ပင်မှုကို ဂျပန်လေတပ်က ၂၀၁၅ ခုနှစ်တွင် စတင် ဖယ်ရှားပေးခဲ့သည်။ 

“ကျွန်မ F-15 ရုပ်ရှင်ဇာတ်ကား စကြည့်ဖူးတဲ့အချိန်တုန်းက မူလတန်းကျောင်းသူပဲ ရှိပါသေးတယ်။ ဂျက်တိုက်လေယာဉ်မောင်းတဲ့သူတွေကို အမြဲတမ်း နှစ်သက်သဘောကျခဲ့တယ်”ဟု ဂျပန် အမျိုးသားကာကွယ်ရေးတက္ကသိုလ်တွင် ဘွဲ့ရရှိခဲ့သည့် မစ္စမီဆာမစ်ဆူရှီမာက သတင်းထောက်များကိုရှင်းပြသည်။ 

“ကျွန်မရဲ့တာဝန်ဝတ္တရားတွေကို ဆက်လုပ်သွားမယ်၊ ကျွန်မတစ်ယောက်တည်းအတွက်မဟုတ်ပါဘူး၊ အနာဂတ်မှာ ကျွန်မလိုဖြစ်ချင်တဲ့ အမျိုးသမီးတွေအတွက်ပါ လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။ 

လက်ရှိအနေအထားတွင် ဂျပန်လေတပ်၌ နောက်ထပ်ဂျပန်အမျိုးသမီး သုံးဦးလေယာဉ်မောင်းသင်တန်း တက်ရောက်လျက်ရှိသည်။ 

မစ္စမီဆာမစ်ဆူရှီမာတို့ မောင်းနှင်မည့် F-15J ဂျက်တိုက်လေယာဉ်အမျိုး အစားမှာ အင်ဂျင်နှစ်လုံးတပ် လေယာဉ်မျိုးဖြစ်ပြီး အခြားဂျက်တိုက်လေယာဉ်များနှင့် စစ်ထိုးရာတွင် အသုံးပြုရန် ဒီဇိုင်းဆင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ 

ယင်းဂျက်တိုက်လေယာဉ်များသည် အသံထက် ၂ ဒသမ ၅ ဆပိုမြန်ပြီး တစ်နာရီလျှင် ၃၀၀၀ ကီလိုမီတာ(၁၈၆၄ မိုင်) အထိ ပျံသန်းနိုင်သည်။ 

ဂျပန်လေတပ်၏ Twitter စာမျက်နှာတွင် “ဂျပန်ကာကွယ်ရေးအစောင့်တပ်ဖွဲ့(လေ)မှာ ပထမဆုံး အမျိုးသမီးဂျက်တိုက်လေယာဉ်မှူးတစ်ဦး မွေးဖွားခဲ့ပါပြီ”ဟု ရေးသားဖော်ပြသည်။

F-01