News

POST TYPE

FOREIGN AFFAIRS

ဒဏ်ခတ်အရေးယူမှုဟူသည် ဖြစ်စေချင်တိုင်းဖြစ်သည့် အရာမျိုးမဟုတ်ဟု အမေရိကန်ပြည်ထောင်စုကို သမ္မတပူတင် သတိပေး


မော်စကို၊ ဩဂုတ် ၂၃ 

ရုရှားနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများသည် ဖြစ်စေချင်တာနှင့် တခြားစီဖြစ်စေပြီး အဓိပ္ပာယ်လည်း မဲ့လွန်းသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့တွင် ထုတ်ဖော်ပြောကြားလိုက်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ရုရှားနိုင်ငံအပေါ် ပိုမိုအထိနာစေမည့် ဒဏ်ခတ်အရေးယူမှုများ သတ်မှတ်ပြဋ္ဌာန်းရန်ရှိသည်ဟု သတိပေးချက်ထွက်ပေါ်လာပြီးနောက် သမ္မတပူတင်က ယင်းသို့တုံ့ပြန် ဝေဖန်လိုက်ခြင်းဖြစ်သည်။ 

“ဒဏ်ခတ်အရေးယူမှုဆိုတာ ဖြစ်စေချင်တာတွေကို ဘယ်တော့မှမဖြစ်စေပါဘူး၊ အဓိပ္ပာယ်လည်းမရှိတဲ့ကိစ္စပါ။ အထူးသဖြင့် ရုရှားလိုနိုင်ငံမျိုးကို ဒဏ်ခတ်အရေးယူမယ်ဆိုရင်ပေါ့”ဟု ဖင်လန်နိုင်ငံသမ္မတ ဆော့လ်နီဆီတိုနှင့် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သမ္မတပူတင်က ပြောကြားသည်။ 

“အဲဒီမူဝါဒတွေဟာ အနာဂတ်မှာ ဘာအကျိုးမှ မဖြစ်ထွန်းစေဘူးဆိုတာရယ်၊ ကျွန်တော်တို့တစ်တွေ ပုံမှန်ပူးပေါင်းဆောင်ရွက်မှုတွေ စတင်သွားမယ်ဆိုတာရယ်ကို ကျွန်တော်တို့ရဲ့ အမေရိကန်ရောင်းရင်းတွေ နားလည်သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပူတင်က ပြောကြားသည်။ 

ထို့ပြင် သမ္မတပူတင်က နှစ်နိုင်ငံကြားက ပြဿနာဟူသည်မှာ သမ္မတ ဒေါ်နယ်ထရမ့်တစ်ဦးတည်းထံမှ ထွက်လာခြင်းမဟုတ်ဘဲ မူလအစအခြေတည်မှုမှလည်း ထွက်လာခြင်းဖြစ်သည်ဟု ပြောဆိုသည်။ 

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သူ ဆီဂဲလ်မန်ဒဲလ်ကာက မော်စကိုအစိုးရဘက်က ထိခိုက်နစ်နာစေသော လုပ်ဆောင်ချက်များကို မရပ်ဘဲဆက်လုပ်နေမည်ဆိုပါက ပိုမိုအထိနာမည့် စီးပွားရေးပိတ်ဆို့မှုများကို ပြဋ္ဌာန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ရုရှားသည် ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို သိမ်းပိုက်ရယူထားခြင်း၊ အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် ဝါရှင်တန်က မော်စကိုကို ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်းထားပြီးဖြစ်သည်။ 

မကြာသေးခင်က ဗြိတိန်နိုင်ငံတွင် နေထိုင်သော ရုရှားသူလျှိုတစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူတို့ ဓာတုလက်နက်ဖြင့် တိုက်ခိုက်ခံရမှုတွင်လည်း ရုရှားနိုင်ငံ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမေရိကန်တို့က ဒဏ်ခတ်အရေးယူမှုများ ထပ်မံပြုလုပ်ခဲ့သည်။ 

သို့သော် ရုရှားအစိုးရအရာရှိများက အမေရိကန်ပိတ်ဆို့အရေးယူမှုကြောင့် ရုရှားဘက်တွင် သိသာထင်ရှားသည့် ဂယက်ရိုက်ခတ်မှုမျိုးမရှိခဲ့ဟု တုံ့ပြန်ပြောဆိုကြသည်။ 

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်ကလည်း “အမေရိကန်ဒဏ်ခတ် အရေးယူမှုတွေဟာ ကျွန်တော်တို့ရဲ့ မူဝါဒအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းမရှိပါဘူး”ဟု ပြောကြားသည်။ 

သမ္မတထရမ့်နှင့် သမ္မတပူတင်တို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့၌ တွေ့ဆုံခဲ့ကြသည်။ ထရမ့်သည် ရုရှားသမ္မတနှင့် ချစ်ကြည်ရင်းနှီးမှုရရှိရန် လွန်စွာကြိုးပမ်းလျက်ရှိသည်ဟု အမေရိကန်ပြည်တွင်း၌ ဝေဖန်ထိုးနှက်ခံရပြီးနောက် ယင်းသို့တွေ့ဆုံခဲ့ခြင်းလည်းဖြစ်သည်။ 

F-01