News

POST TYPE

FOREIGN AFFAIRS

ခိုလှုံခွင့်တောင်းသူများအပေါ် အစာရေစာဖြတ်သည့်နည်းလမ်းကို ဟန်ဂေရီအသုံးပြုဟု သတင်းထွက်
24-Aug-2018


ဘူဒါပက်စ်၊ ဩဂုတ် ၂၃

ဟန်ဂေရီနိုင်ငံသည် လမ်းခရီးတစ် ထောက်နားရာ ဇုန်အတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်စခန်းများတွင် ခိုလှုံခွင့်ငြင်းပယ်ခံရသူများအား လက်လျှော့သွားစေရန်အတွက် အစာရေစာ ဖြတ်တောက်သည့်နည်းကို အသုံးပြုနေသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ယခုလအတွင်း အကောင်အထည်ဖော်ခဲ့သည့် အဆိုပါမူဝါဒ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်သည်ဟု Human Rights Watch က ပြောကြားသည်။

ဟန်ဂေရီအာဏာပိုင်များသည် ဒုက္ခသည်ချုပ်နှောင်ရာ စခန်းရှိလူများကို အစားအသောက် ဖြတ်တောက်ခြင်းအားဖြင့် အီးယူအဖွဲ့ဝင်အဖြစ် လိုက်နာရမည့် ဝတ္တရားများ၊ နိုင်ငံတကာခိုလှုံခွင့် တောင်းခံခြင်းဆိုင်ရာ စံနှုန်းများကို ချိုးဖောက်နေသည်ဟု Human Rights Watch မှ အရှေ့ဥရောပဆိုင်ရာ လေ့လာသူ လိုင်ဒီယာဂေါလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

“လူတွေရဲ့ စားဝတ်နေရေးကို မထီမဲ့မြင်ပြုတာဟာ ခိုလှုံခွင့်တောင်းခံမှုကို စွန့်လွှတ်ပြီး ဟန်ဂေရီက ထွက်သွားအောင် ဖိအားပေးတဲ့ ဆိုးဆိုးဝါးဝါးအပြုအမူ ဖြစ်ပါတယ်”ဟု သူမက ဆိုသည်။

ဟန်ဂေရီအစိုးရသည် ခရီးထောက်စခန်းများတွင် နေထိုင်နေသောခိုလှုံခွင့် ငြင်းပယ်ခံဒုက္ခသည်များအား ပြန်မပို့မီအတောအတွင်း စိမ်းစိမ်းကားကား ပြုမှုဆက်ဆံရေးကိုခွင့်ပြုရန် ဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက် ဩဂုတ်လလယ်ခန့်တွင် ဒုက္ခသည်များကို အစားအစာမပေးသည့်နည်းလမ်းကို စတင်ကျင့်သုံးလာခဲ့သည်။

ဟန်ဂေရီသည် ဒုက္ခသည်များကို ရှားရှားပါးပါးသာ လက်ခံလေ့ရှိသည်။ အစာရေစာ ဖြတ်တောက်ခြင်းသည် ခိုလှုံခွင့်ငြင်းပယ်ခံရသူများကို အခြားနိုင်ငံသို့ ဆန္ဒအလျောက် ထွက်ခွာသွားစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဟန်ဂေရီလူ့အခွင့် အရေးအုပ်စု ဟယ်ဆင်ကီကော်မတီက ပြောကြားသည်။

ဟန်ဂေရီဥပဒေအရ ခရီးထောက် စခန်းဇုန်များရှိ ခိုလှုံခွင့်ငြင်းပယ်ခံရသူများအား အစာရေစာပေးကျွေးရန် တာဝန်မရှိဟု လူဝင်မှုကြီးကြပ်ရေးနှင့် ခိုလှုံခွင့်ဆိုင်ရာရုံးက ထုတ်ဖော်ပြောကြားထားသည်။

သို့ရာတွင် Human Rights Watch အုပ်စုကမူ ဟန်ဂေရီအာဏာပိုင်များသည် လူ့အခွင့်အရေးသဘောတူ စာချုပ်များ၊ အချုပ်ခန်းအတွင်းရှိလူများကို နှိမ့်ချဆက်ဆံခြင်းမပြုရန် တားမြစ်ချက်များ၊ အချုပ်ခန်းအတွင်းရှိလူများကို လူ့သိက္ခာနှင့်အညီ ပြုမူဆက်ဆံရန် စည်းကမ်းချက်များကို လိုက်နာရမည့် ဝတ္တရားရှိသည်ဟု ထောက်ပြဝေဖန်သည်။

“ဒီအချက်တွေထဲမှာ အစာ၊ ရေ၊ သန့်ရှင်းရေးစနစ်နဲ့ ဆေးဝါးကုသမှုတွေပါဝင်ပါတယ်”ဟု HRW က ပြောကြားသည်။ လောလောဆယ်အချိန်အထိ ယင်းမူဝါဒသည် အာဖဂန်နှင့် ဆီးရီးယားမိသားစုများအပေါ်တွင် သက်ရောက်မှုရှိနေသည်။ 

F-04


  • VIA